
ရန်ကုန်၊ စက်တင်ဘာ ၃၀
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၏ လေယာဉ်အုပ်စုနှင့် လေကြောင်းကွန်ရက်ဖွံ့ဖြိုးတိုးချဲ့ရေး၏ အဆင့်သစ်တစ်ရပ်အဖြစ် ATR 72-600 လေယာဉ်အသစ် XY-ANE (MSN 1827) သည် ပြင်သစ်နိုင်ငံ Toulouse မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီတွင် ရောက်ရှိလာသည်။
MAI ၏ မြန်မာနိုင်ငံရှိ မြို့များအမည်ဖြင့် လေယာဉ်များကို အမည်ပေးသည့် အစဉ်အလာအရ XY-ANE ကို Naypyitaw ဟု အမည်ပေးထားပြီး Water Cannon Salute ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံတွင် နောက်ဆုံးပေါ်မျိုးဆက် PW127XT အင်ဂျင်တပ်ဆင်ထားသော ပထမဆုံး ATR 72-600 လေယာဉ်ဖြစ်ပြီး လည်ပတ်မှုပိုမိုကောင်းမွန်ခြင်း၊ လောင်စာဆီသုံးစွဲမှုကို ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းနှင့် အင်ဂျင် အသုံးပြုနိုင်မှု (On-Wing Reliability) ပိုမိုကောင်းမွန် ခြင်းတို့ကို ပံ့ပိုးပေးနိုင်ကြောင်း၊ ထို့ပြင် XY-ANE နှင့်အတူ ATR 72-600 လေယာဉ်အုပ်စုတွင်ပါဝင်မည့် XY-ANF (MSN 1836) သည်လည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်ရောက်ရှိလာမှုသည် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အကောင်အထည်ဖော်မည့် MAI ၏ မဟာဗျူဟာမြောက် လေယာဉ်အုပ်စု တိုးချဲ့ရေးအစီအစဉ်၏ ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဆိုပါ မဟာဗျူဟာအရ MAI သည် ၎င်း၏ အဓိက Airbus လေယာဉ်အုပ်စုကို လက်ရှိ ရှစ်စင်းမှ ၁၁ စင်း အထိ တိုးချဲ့သွားမည်ဖြစ်ပြီး Wet-Lease စနစ်ဖြင့် လည်ပတ်မည့် A321F လေယာဉ်တစ်စင်းလည်း ပါဝင် မည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်းခရီးစဉ်များ အတွက် ATR Turboprop လေယာဉ်အုပ်စုကို လက်ရှိ လေးစင်းမှ ကိုးစင်းအထိ တိုးမြှင့်သွားမည်ဖြစ်ပြီး Mingalar နှင့်အတူ လည်ပတ်မည့် လေယာဉ်တစ်စင်းလည်း ပါဝင်မည်ဖြစ်သည်။
အဆိုပါ တိုးချဲ့ရေးအစီအစဉ်များ အကောင် အထည်ဖော်ပြီးစီးပါက ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် MAI ၏စုစုပေါင်းလေယာဉ်အရေအတွက် အစင်း၂၀ အထိ ရောက်ရှိရန် ရည်မှန်းထားပြီး MAI အနေဖြင့် ရန်ကုန်နှင့် မန္တလေးတို့ကို အဓိကလေကြောင်း အချက်အချာနေရာများအဖြစ်ထားရှိကာ မြန်မာနိုင်ငံအတွင်းနှင့်နိုင်ငံ တကာခရီးစဉ်များအပါအဝင် ခရီးစဉ်ဒေသ ၄၁ ခုသို့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ကိုထက်
#News #Myanmar