Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ


















နေပြည်တော်၊ စက်တင်ဘာ ၃၀

လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံ ပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ လူဦးရေ အတိုးအလျော့၊ ပြောင်းဝင် ပြောင်းထွက်၊ သေဆုံးပယ်ဖျက်စာရင်းများကို သတ်မှတ်ချက်နှင့်အညီ ကာယကံရှင်က ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကော်မတီအဆင့်ဆင့်ကလည်း သက်ဆိုင်ရာရုံးများသို့ အသိပေးဆောင်ရွက်နိုင်ရေး နှိုးဆော်ကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန်လိုကြောင်း ယမန်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆွေးနွေး ပြောကြားသည်။

ထို့အတူ ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်အတွင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဝင်၌ ဧည့်ကြိုကောင်တာထားရှိဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေအတိုး/အလျော့ လုပ်ငန်းစဉ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံး သူများအား နိုင်ငံသားစိစစ်ရေးကတ် စိစစ်ထုတ်ပေးရေးနှင့် UID ကောက်ယူမှုလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။ 

ထို့နောက် နေ့ချင်းပြီးဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ် ရေးကတ်နှင့် UID တို့ကို ကာယကံရှင် တစ်ဦးချင်းထံပေးအပ်ပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို  ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post