Myanmar National Post

လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံခြားတိုင်းပြည်တွေက ထောက်ပံ့ထားလို့ သက်တမ်းရှည်နေတာပါလို့ အီသီယိုပီးယား စစ်ဦးစီးချုပ်ပြောပြီ


စက်တင်ဘာ - ၃၀

အီရီထရီးယား၊ အီဂျစ်နဲ့ ဆူဒန်နိုင်ငံတို့ဟာ အီသီယိုးပီးယား ဝန်ကြီးချုပ် ဧဘီ အာမက် ရဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေကို နောက်ကွယ်ကနေ အားပေးထောက်ပံ့ နေကြတယ်လို့ အီသီယိုးပီးယား စစ်သေနာပတိချုပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

စစ်သေနာပတိ ဖီးလ်မာရှယ် ဘာဟာနူဂျူလာ ဟာ အီသီယိုးပီးယား မြောက်ပိုင်း တိုက်ဂရေးဒေသ အများစုကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် နိုင်ငံရေးအဖွဲ့ ဖြစ်တဲ့ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) နဲ့ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာချိန် တနင်္ဂနွေနေ့က အခုလို စွပ်စွဲလိုက်တာပါ။

"ဆူဒန်၊ အီဂျစ်နဲ့ အခြား ပြင်ပအင်အားကြီးနိုင်ငံတွေရဲ့ နောက်ကွယ်က ပံ့ပိုးမှု၊ အကူအညီနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မရရင် အီရီထရီးယားနိုင်ငံဝင်ပါနေရင်တောင်မှ TPLF က  တစ်ခုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး" လို့ စစ်တပ်ရဲ့ မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဂျူလာ က ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဆူဒန်ဘက်က ဒီစွပ်စွဲချက်ဟာ "အခြေအမြစ်မရှိဘူး" ဆိုပြီး ပယ်ချခဲ့ပါတယ်။ ဆူဒန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ က အီသီယိုးပီးယားဟာ ဆူဒန်ရဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပို့တပ်(RSF) ထံ ပေးပို့တဲ့ ထောက်ပံ့မှုတွေကို သူ့နယ်မြေအတွင်း ဖြတ်သန်းခွင့်ပြု ထားတယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။ အီဂျစ်နဲ့ အီရီထရီးယား တို့ဘက်ကတော့ ဂျူလာ ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့အထိ လူသိရှင်ကြား တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

အီသီယိုးပီးယားနိုင်ငံဟာ ဒီသုံးနိုင်ငံစလုံးနဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာနေတာ ဖြစ်ပါတယ်။ အီသီယိုးပီးယား နဲ့ အီဂျစ် တို့ဟာ ဘလူးနိုင်း မြစ်ပေါ်က အီသီယိုးပီးယားရဲ့ မဟာရေလောင်တမံကြီးနဲ့ ပတ်သက်ပြီး အစကတည်းက သဘောထားကွဲလွဲနေကြသလို၊ အီသီယိုးပီးယားနဲ့ ဆူဒန်တို့အကြားမှာလည်း မဖြေရှင်းနိုင်သေးတဲ့ နယ်နိမိတ် အငြင်းပွားမှုတစ်ခု ရှိနေတာပါ။ အီရီထရီးယားနိုင်ငံနဲ့ ဆက်ဆံရေးကလည်း ယခင် တိုက်ဂရေး စစ်ပွဲတုန်းက အီရီထရီးယား ဟာ အီသီယိုးပီးယား အစိုးရတပ်တွေနဲ့အတူ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြပေမဲ့ အခုအခါမှာတော့ ကွဲပြဲသွားခဲ့ပါပြီ။ 

စစ်ဘက်ဆိုင်ရာ သေနာပတိချုပ် ဂျူလာ က စစ်တပ်အနေနဲ့ "ပညာသတိရှိရှိနဲ့ ထိန်းထိန်းသိမ်းသိမ်း" တုံ့ပြန်နေတာဖြစ်ကြောင်းနဲ့ နောက်ထပ် မဟာစစ်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားပါက အရပ်သားတွေ အတွက် ပျက်စီးဆုံးရှုံးမှု အကြီးအကျယ် ဖြစ်ပေါ်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post