
စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ အင်္ဂါနေ့တုန်းက အမေရိကန်အခြေစိုက် အေအိုင် ထိပ်သီး ကုမ္ပဏီ ၆ ခုရဲ့ အကြီးအကဲတွေ စုပေါင်းပြီး ကတိကဝတ်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ အေအိုင် နည်းပညာတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မသွားအောင်၊ လမ်းလွဲမရောက်အောင် ပိုပြီးတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်သွားမယ်ဆိုတဲ့ ကတိပဲ ဖြစ်ပါတယ်။
(စူပါ အေအိုင် ဆိုင်ရာ အိမ်ဖြူတော် သဘောတူညီချက် - ထိပ်တန်းနည်းပညာ တာဝန်ယူမှုဆိုင်ရာ ပူးတွဲကတိကဝတ်) လို့ အမည်ပေးထားတဲ့ အဲဒီစာချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ဂူဂဲလ် ရဲ့ ဆန်ဒါပီချိုင် ၊ အန်သရိုပစ်ရဲ့ ဒါရီယိုအေမိုဒိုင်း ၊ မက်တာရဲ့ ဇူကာဘက် ၊ အိုးပင်းအေအိုင်ရဲ့ ဂျရက်ဘရွတ်မင်း ၊ အိတ်စ်အေအိုင် ရဲ့ အီလွန်မက် နဲ့ အန်ဗီဒီယားရဲ့ ဂျန်ဆန်ဟောင် တို့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။
လက်မှတ်ထိုးခဲ့ကြသူတွေဟာ အဆင့်မြင့် အေအိုင် မော်ဒယ်တွေကို တီထွင်နေတဲ့ ကုမ္ပဏီတိုင်းမှာ "သူတို့ရဲ့ နည်းပညာတွေ ရည်ရွယ်ထားသလိုပဲ ပုံမှန်အလုပ်လုပ်စေဖို့နဲ့ ပြဿနာတစ်ခုခုရှိရင်လည်း ချက်ချင်းသိပြီး အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ခိုင်မာတဲ့ မူဝါဒတွေ၊ ထိန်းချုပ်မှု စနစ်တွေရှိရမယ်" ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ AI မော်ဒယ်တွေဟာ "အခြားနည်းပညာစနစ်တွေကို မသမာတဲ့နည်းနဲ့ ဟက်ကင်း( ဖောက်ထွင်းဝင်ရောက်ခြင်း) လုပ်တာ၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုတာမျိုး မလုပ်စေရဘူး" လို့ ကတိပြုခဲ့ကြပြီး "ဒီလိုထိန်းချုပ်မှုတွေ၊ စောင့်ကြည့်မှုတွေနဲ့ စစ်ဆေးဖော်ထုတ်မှုတွေအားလုံး စနစ်တကျ လည်ပတ်နေရဲ့လား၊ ပြဿနာတွေကို ထိရောက်စွာ ပြင်ဆင်ရဲ့လားဆိုတာ စေခိုင်းစောင့်ကြည့်ဖို့ ကုမ္ပဏီတွင်း သီးသန့်အဖွဲ့တစ်ဖွဲ့ကို အာဏာအပ်နှင်းထားမယ်" လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါတင်မကသေးဘဲ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ကာကွယ်မှုတွေကို ပြင်ပက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးခွင့်ပြုသွားမှာ ဖြစ်သလို၊ ဒီစည်းကမ်းချက်တွေကို သေချာလိုက်နာမှု ရှိမရှိ အကဲဖြတ်ဖို့အတွက်လည်း "ဒါရိုက်တာအဖွဲ့ဝင်တွေထဲက သီးခြားလွတ်လပ်တဲ့ ကော်မတီတစ်ရပ်" နာမည်တပ် တာဝန်ပေးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
REF: RT
#News #Myanmar