
တရုတ် (တိုင်ပေ) နှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်သမ္မတရှီကျင်းပင်က တရုတ်အမျိုးသားနေ့ အကြိုနေ့ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် ၇၇ နှစ်မြောက် အထိမ်းအမှတ်နေ့ အကြို မိန့်ခွန်းတွင် သမ္မတ ရှီက တရုတ် (တိုင်ပေ) အရေးကိစ္စတွင် ပြင်ပ စွက်ဖက်မှုများကို ပယ်ချခဲ့ပြီး အမေရိကန်အနေဖြင့် တရုတ် (တိုင်ပေ) ၏ လွတ်လပ်ရေးကို ဆန့်ကျင်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တရုတ်သည် တရုတ် (တိုင်ပေ) ကို ၎င်း၏ ပိုင်နက်အဖြစ် ကြေညာထားပြီး လိုအပ်လာမည်ဆိုပါက အင်အားသုံး ထိန်းချုပ်မည်ဟုလည်း ပြောကြားထားသည်။
"ကျွန်တော်တို့ဟာ တရုတ် (တိုင်ပေ) ရေလက်ကြား နှစ်ဖက်မှာ ကူးလူးဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရပါမယ်။ တရုတ် (တိုင်ပေ) လွတ်လပ်ရေး ခွဲထွက်ရေး အင်အားစုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းရမှာဖြစ်ပြီး ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှုကို ဆန့်ကျင်ကာ တရုတ် (တိုင်ပေ) ရေလက်ကြား နှစ်ဖက် ဆက်ဆံရေးကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသား ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ ကြီးမားတဲ့ အမျိုးသားရေး လုပ်ငန်းစဉ်ကြီးကို တိုးမြှင့် ဆောင်ရွက်သွားရပါမယ်" ဟု ရှီက ပြောကြားခဲ့သည်။
ရှီ၏ မိန့်ခွန်းကို ပေကျင်းမြို့ရှိ ပြည်သူ့ မဟာခန်းမဆောင်တွင် ရောက်ရှိနေကြသည့် ဧည့်သည်တော် ရာပေါင်းများစွာရှေ့မှောက်၌ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် ဆယ်စုနှစ် နှစ်စုကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အပြီးတွင် ကွန်မြူနစ် တပ်ဖွဲ့များက ကူမင်တန် တပ်များကို အနိုင်ရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စစ်ရှုံးသွားခဲ့သော အမျိုးသားရေးဝါဒီများသည် တရုတ် (တိုင်ပေ) ကျွန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထို့နောက် တရုတ် (တိုင်ပေ) သည် လက်နက်ဝယ်ယူမှုများ အပါအဝင် ၎င်း၏ လုံခြုံရေးအတွက် အမေရိကန်အပေါ်တွင် မှီခိုအားထားနေရသည်။
သမ္မတ ရှီသည် ပြီးခဲ့သည့်အပတ်က အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ပြီး ထိုခရီးစဉ်အတွင်း တရုတ် (တိုင်ပေ) နှင့် ပတ်သက်ပြီး တွေးခေါ်ဆင်ခြင်မှုရှိရှိဖြင့် လုပ်ဆောင်ရန် ထရန့်အား ပြောကြားခဲ့ကာ တရုတ် (တိုင်ပေ) ၏ လွတ်လပ်ရေးကို အမေရိကန်အနေဖြင့် ဆန့်ကျင်ရန် တိုက်တွန်းခဲ့သည်။
အမေရိကန်အစိုးရသည် တရုတ် (တိုင်ပေ) ၏ ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိ လက်နက်ဝယ်ယူမှု အစီအစဉ်ကို မေလကတည်းက ရပ်ဆိုင်းထားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်တစ်ခု တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန် လိုအပ်သည့် ရှုပ်ထွေးလှသော နိုင်ငံတကာနှင့် ပြည်တွင်း အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်းလည်း ရှီက မိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ ပြောင်းလဲမှုတွေ၊ မငြိမ်မသက်မှုတွေနဲ့ ရောထွေးနေတဲ့ ကမ္ဘာကြီးထဲကို သေချာရေရာမှု ပိုမိုရှိစေရေးနဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို ထည့်သွင်းပေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒကို တင်းတင်းကျပ်ကျပ် လိုက်နာရပါမယ်" ဟု ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
Ref: AFP