
အီရန်ကျောထောက်နောက်ခံပေးထားသော ဟူရ်သီက ၎င်းတို့သည် ဆော်ဒီအာရေဗျနိုင်ငံရှိ ရီးယာ့ဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အာရမ်ကို ရေနံသန့်စင်စက်ရုံ၊ အခြားနေရာများတိုက်ခိုက်ခဲ့သည်ဟု အောက်တိုဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
ယီမင်နိုင်ငံရှိ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းက ပင်လယ်နီရှိဟူရ်သီပစ်မှတ်များကို ဖျက်ဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။
ရီးယာ့ဒ်နှင့် ရီးယာ့ဒ်အကူအညီပေးနေသောယီမင်အစိုးရတို့က ဟူရ်သီအုပ်စုထိန်းချုပ်ထားသော နယ်မြေအားလုံးကို ပြန်လည်သိမ်းယူရန် ရည်မှန်းချက်ကြီးမားသော ထိုးစစ်ကို စတင်ချိန်တွင်ပါကစ္စတန်နှင့် တူရကီတို့က အပြန်အလှန်ကာကွယ်ရေးသဘောစာချုပ်သစ်အရ ဆော်ဒီအာရေဗျသို့ စစ်သားများစေလွှတ်ပေးရန် ကတိပေးခဲ့ကြသည်။ဟူရ်သီတို့၏တိုက်ခိုက်မှုများ သီတင်းပတ်ချီဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်နှင့်တူရကီတို့က ဆော်ဒီသို့စစ်သားများ စေလွှတ်ပေးမည်ဟုပြောကြားခဲ့ကြခြင်းဖြစ်သည်။
ယီမင်စစ်တပ်က တိုက်ခိုက်မှုအကြိမ်ရေ ၁,၀၀၀ ကျော်လုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ဟူရ်သီထိန်းချုပ်ထားသည့် မြို့တော်ဆာနားကို ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံတကာအသိအမှတ်ပြုယီမင်အစိုးရကို အကူအညီပေးနေသော ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းက အရုဏ်တက်ချိန်တွင် စစ်လေယာဉ် ၁၀၀ ကျော် ပျံသန်းပြခဲ့သည်ဟု ဆိုသည်။ဆော်ဒီဦးဆောင်သောညွန့်ပေါင်းအတွက် ပြောရေးဆိုခွင့်ရှိသူ တာကီအယ်မာကီက X တွင် ပြောကြားရာ၌ ၎င်းတို့၏ရေတပ်က ပင်လယ်နီကမ်းရိုးတန်းပေါ်ရှိ ဟိုဒေဒါမြို့က ဟူရ်သီတို့ ပိုင်ဆိုင်သော စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုခဲ့သည်။
"သူတို့က လက်နက်ဂိုဒေါင်တွေ၊ ထောင်ချောက်ဆင်တဲ့ ရေယာဉ်တွေနဲ့ ရေမြှုပ်မိုင်းတွေသိုလှောင်ထားတဲ့ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။ ပင်လယ်နီတောင်ပိုင်းမှာရှိတဲ့ရေလမ်းကြောင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့စီစဉ်ထားတာကိုလည်း တားဆီးခဲ့ပါတယ်"ဟု သူက ပြောကြားခဲ့သည်။တိုက်ပွဲများ အရှိန်ပြင်းထန်လာသောကြောင့် အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ကျယ်လောင်သောပေါက်ကွဲသံများ မြည်ဟည်းခဲ့သည်။ ဟူရ်သီ ပြောရေးဆိုခွင့်ရှိ သူက ၎င်းတို့၏အုပ်စုသည် ဆော်ဒီမြို့ တော် ရီးယာ့ဒ်၏ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်ခဲ့သည့်အပြင် အာရမ်ကို ရေနံသန့်စင်စက်ရုံနှင့် ဆော်ဒီတောင်ပိုင်းရှိ အခြားပစ်မှတ်များကိုလည်းတိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယီမင်အစိုးရကမူ ဟူရ်သီထိန်းချုပ်ထားသည့် နယ်မြေအားလုံးကို ပြန်လည်သိမ်းယူုမည်ဟု ကြေညာထားသည်။
Ref:AFP