
ရွှေဘိုမြို့နယ်၌ PDF အဖွဲ့များ ကြီးစိုးနေသော ကျေးရွာများတွင် ၎င်းတို့အား ထောက်ခံအားပေးသူများက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများ၏ အိုးအိမ်နှင့် လယ်ယာမြေများကို သိမ်းယူ၍ လုပ်ကိုင်စားသောက်နေကြပြီး ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သို့ကူညီဆောင်ရွက်ပေးမည်နည်ဟု ရွှွေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်သည် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်ခဲ့သော PDF အဖွဲ့များ၏ လုပ်ရပ်များကြောင့် မြို့နယ်အတွင်းရှိ အချို့သော ကျေးရွာများတွင် တည်ငြိမ်အေးချမ်းမှုပျက်စီးပြီး PDF အဖွဲ့များက ၎င်းတို့နှင့် အမြင်မတူသူ၊ ဝါဒမတူသူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိုးအိမ်စည်းစိမ်များကို အတင်းအဓမ္မသိမ်းယူခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက ပြောကြားသည်။
ထို့ကြောင့် အပြစ်မဲ့ပြည်သူများမှာ မိမိတို့၏ အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာမြို့နယ်များသို့ တိမ်းရှောင်နေခဲ့ကြရပြီး PDF အဖွဲ့များ ကြီးစိုးနေသော ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိကြသည့် ပြည်သူအနည်းငယ်နှင့် ၎င်းတို့အား ထောက်ခံအားပေးသော မိသားစုများသာ ကျန်ရှိနေကာ တိမ်းရှောင်သွားသည့် မိသားစုများ၏ အိုးအိမ်နှင့် လယ်ယာမြေများကို သိမ်းယူ၍ လုပ်ကိုင်စားသောက်နေကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက ပြောကြားသည်။
မူလမြေပိုင်၊ ယာပိုင်၊ အိုးပိုင်၊ အိမ်ပိုင်မိသားစုအများစုမှာ အရပ်ဒေသအသီးသီးသို့ ရောက်ရှိကာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေကြရပြီး တိမ်းရှောင်ရန် အခက်အခဲရှိသည့် ကျန်ရှိနေသော ပြည်သူတချို့မှာလည်း သားသမီးများကို အခြားမြို့များသို့ ပညာသင်ကြားရန် ပို့ဆောင်ထားရှိကြရာ PDF အဖွဲ့များက ကျောင်းသားများကို ပညာမသင်ကြားနိုင်အောင် ပြန်လည်ခေါ်ဆောင်စေပြီး မခေါ်ပါက ငွေညှစ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက ပြောကြားသည်။
PDF အဖွဲ့များ၏ ထိုသို့ ပြုမူလုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် ပြည်သူများ စိတ်နှလုံး မရွှင်ပြုံဖြစ်နေကြရသည်မှာ ၅ နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး နေရပ်စွန့်ခွာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်သွားလာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး ကျောင်းနေအရွယ်ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ရွှေဘိုခရိုင်အတွင်း နယ်မြေလုံခြုံအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့များ ပူးပေါင်းပြီး PDF များကို တိုက်ခိုက်ချေမှုန်းနေကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရရှိလာပါက နယ်မြေနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်စေပြီး အေးချမ်းလုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရကြီးကြပ်အဖွဲ့၊ တပ်မတော်ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
စစ်ကိုင်တိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြိ့နယ်သည် ဧရိယာအားဖြင့် ၄၁၂ ဒသမ ၁၉ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၇၂ အုပ်စု၊ ကျေးရွာပေါင်း ၁၆၉ ရွာ၊ အိမ်ခြေ ၆၀,၈၆၄ အိမ်၊ အိမ်ထောင်စု ၆၉,၉၁၃ စုရှိကာ လူဦးရေ ၂၈၉,၃၄၈ ဦး မှီတင်းနေထိုင်သည့် မြို့နယ်ကြီးတစ်ခုဖြစ်ကြောင်း၊ လယ်မြေဧရိယာ ၁၁၇၁၂၄ ဧက၊ ယာမြေ ၇၆,၀၇၃ ဧက၊ ကိုင်းကျွန်းမြေ ၁,၅၅၆ ဧကနှင့် ဥယျာဉ်မြေ ၂၉ ဧက စုစုပေါင်း စိုက်ပျိုးမြေဧရိယာ ၁၉၄,၇၈၂ ဧကရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြံနှင့် သီးနှံမျိုးစုံထွက်ရှိသည့်ဒေသဖြစ်ကာ အများစုမှာ ဆန်၊ စပါးထွက်ရှိကြောင်း သိရသည်။