
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားခဲ့သည့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ခွဲစိတ်ကုသ၍ ပြန်လည်တွဲဆက်ခြင်း (Replantation Surgery)ကို စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်သည် စက်တင်ဘာ ၃ ရက်တွင် ဟုမ္မလင်းမြို့၌ ထိခိုက်ဒဏ်ရာရရှိ၍ ဘယ်ဘက်လက်ပခုံးမှ ပြတ်တောက်သွားခဲ့ပြီး လူနာနှင့်အတူပြတ်တောက်သွားခဲ့သော ဘယ်ဘက်လက်အား စနစ်တကျထိန်းသိမ်း၍ ဒဏ်ရာရရှိပြီး ၆ နာရီအတွင်း တပ်မတော်လေယာဉ်ဖြင့် မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ပြတ်တောက်သွားသော ဘယ်ဘက်လက်အား ပြန်လည်တွဲဆက်ကုသနိုင်ရန်အတွက် ကနဦးစမ်းသပ်စစ်ဆေးမှုများအားပြုလုပ်ပေးခဲ့ပြီး ပထမအဆင့်ခွဲစိတ်ကုသမှုဖြစ်သော ပြန်လည်တွဲဆက် ကုသခြင်း(Replantation Surgery) ကို ဒဏ်ရာရရှိသည့်နေ့တွင်ပင် ၆ နာရီကြာ ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စက်တင်ဘာ ၃၀ ရက်တွင် လိုအပ်သော သွေးကြော၊ အာရုံကြောနှင့် အရိုးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးကုသမှုများအား ထပ်မံပြုလုပ်ခဲ့ပြီး ဒုတိယအဆင့်ခွဲစိတ်ကုသမှုများဖြစ်သော လက်သို့ထောက်ပံ့သော အာရုံကြောများခွဲစိတ်ကုသခြင်း(Brachial Plexus Surgery)၊ ပြတ်တောက်သွားသော အာရုံကြောများကို အစားထိုးတွဲဆက်ခြင်း(Nerve Graft Surgery)၊ အရွတ်ကြောများ ပြန်လည်တွဲဆက်ခြင်း(Internal Splintage)နှင့် အရေပြားအစားထိုးခြင်း(Split Skin Graft)တို့ကို ထပ်မံ၍အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ခွဲစိတ်ကုသချိန် ခြောက်နာရီကျော်ကြာ မြင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လူနာကလေးငယ်၏ ခွဲစိတ်ကုသမှုခံယူကာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တွဲဆက်ထားသောလက်၏ သွေးလည်ပတ်မှု၊ အာရုံကြောတွဲဆက်ထားမှုနှင့် လက်၏လှုပ်ရှားနိုင်မှုတို့အား ဆက်လက်ကြည့်ရှုကုသမှုများလုပ်ဆောင်ပေးနေပြီး ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပြတ်တောက်သွားသောလက်အား ပြန်လည်တွဲဆက်ခြင်းခွဲစိတ်ကုသမှုများကို တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပါရဂူ၊ သွေးကြောပိုင်းဆိုင်ရာခွဲစိတ်ကုသမှု ပါရဂူ၊ မေ့ဆေးပါရဂူ၊ ကလေးကုသမှုပါရဂူနှင့် ဓာတ်မှန်ပါရဂူများပါဝင်သော ကျွမ်းကျင်သူများနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်မှစတင်၍ လက်မပြတ်တောက်မှု၊ လက်ကောက်ဝတ်ပြတ်တောက်မှု၊ လက်ခလယ်ပြတ်တောက်မှုစသည့် အထူးလက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုခြောက်မျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ပခုံးဆစ်မှလုံးဝပြတ်တောက်သွားသော လက်တစ်ဖက်ကို ထပ်မံ၍ အောင်မြင်စွာခွဲစိတ်၍ ပြန်လည်တွဲဆက်ကုသနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။