Eleven Media Group

Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

အောက်တိုဘာ ၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Govern-ment လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များအနေဖြင့် အတိုင်းအတာတစ်ခုအထိ Digital Information System ကို ဆောင်ရွက်ထားပြီးဖြစ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နည်းပညာအကူအညီများရယူပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Digital Student Information Management System ကို တက္ကသိုလ်အားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေးဆောင်ရွက်ရန်လိုကြောင်း၊ Data Security နှင့်ပတ်သက်၍ အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Hospital Information System ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆေးရုံကြီးများတွင် Telemedicine System ကိုလည်းကောင်း၊ FDA အနေဖြင့် e-submission, Digital Payment System များကိုလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်များအားလုံးကို e-Library အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်အလိုက် လက်ရှိဆောင်ရွက်နေမှုများ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို အချင်းချင်းအတွေ့အကြုံများဖလှယ်ပြီး ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးရမည့်အချက်များကိုပါ တင်ပြဆွေးနွေးစေလိုကြောင်းနှင့် လိုအပ်သည်များ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက Digital Information System အကောင်အထည်ဖော်ရန် ချိတ်ဆက်ဆောင်ရွက်သင့်သည့်အစီအစဉ်များ၊ တက္ကသိုလ်တစ်ခုစီတွင် ကိုယ်စားလှယ်ထားရှိနိုင်ရေးနှင့် Data Security ပိုင်းအတွက် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ အသိအမှတ်ပြုထားသော ကုမ္ပဏီများဖြင့်သာ ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက မိမိတို့တက္ကသိုလ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Library System, Webpage, Learning Management System, Student Information System များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ဆက်လက်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များသည် Naypyitaw State Polytechnic University(NSPU)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Campus Monitoring System, Moodle Learning Management System တို့ကို သွားရောက်လေ့လာကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပညာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group