Eleven Media Group

■ ရေဘေးသင့် လေးမျက်နှာမြို့နယ်၌ စာသင်ကျောင်းများနှင့် ရုံးဌာနများ ပြန်လည်ဖွင့်လှစ်

■ ရေဘေးသင့် လေးမျက်နှာမြို့နယ်၌ စာသင်ကျောင်းများနှင့် ရုံးဌာနများ ပြန်လည်ဖွင့်လှစ်
■ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရဆဲဖြစ်

ရေဘေးသင့် လေးမျက်နှာမြို့နယ်၌ စာသင်ကျောင်းများနှင့် ရုံးဌာနများ ပြန်လည်ဖွင့်လှစ်၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။
ရေဘေးအန္တရာယ် (၂)လခန့်ကြာ ရင်ဆိုင်ခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်ခဲ့ကြခြင်းဖြစ်သည်။

“ငဝန်ရေကာတာရဲ့ ရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်စု(၂၀)နဲ့ မြို့ပေါ် (၅)ရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်း(၇၉)ကျောင်း စစချင်းမှာ ယာယီပိတ်လိုက်ရတယ်။ ဖွင့်လို့ရတဲ့ကျောင်း ပြန်ဖွင့်ခဲ့ပြီး နောက်ဆုံး (၃၉)ကျောင်း ကျန်တယ်။ ခု (၂)လအကြာမှာတော့ အားလုံးပြန်ဖွင့်နိုင်ပါပြီ။ ရုံးဌာနတွေလည်း ပြန်လည်လည်ပတ်နေပါပြီ။ ရှင်းလင်းရေးကတော့ ရာနှုန်းပြည့်မပြီးသေးပါဘူး”ဟု ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

ရေဘေးသင့် လေးမျက်နှာမြို့နယ်၌ ပြန်လည် ထူထောင်ရေးကာလ ကူညီသည့်အဖွဲ့အစည်းနည်းပါးနေကြောင်း သိရသည်။

“ပြန်လည်ထူထောင်ရေးမှာတော့ ကူညီကြတာ အတော်နည်းသွားတယ်။ မီးသတ်၊ ကြက်ခြေနီ၊ ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းနဲ့ ညီနောင်စိတ်ထားခရီးသွားများအဖွဲ့ကတော့ ကျွန်တော်တို့မြို့ခံအဖွဲ့လိုပဲ တောက်လျှောက်ရပ်တည်ကူညီပေးတာတွေ့ရပါတယ်။ ပြန်လည်ထူထောင်ရေးအတွက်က ကြိုးပမ်းနေရတုန်းပါပဲ။ သောက်သုံးရေအကူအညီလိုအပ်နေပါသေးတယ်။ တွင်းတွေက မှုတ်လို့မပြီးသေးဘူး။ မီးက မရသေးပါဘူး”ဟု လေးမျက်နှာမြို့နယ် ပညာရေးစေတနာ့ဝန်ထမ်းများပရဟိတအဖွဲ့မှ ဦးမင်းမင်းထွဋ်က ဖြေကြားသည်။

“ဖြစ်စဉ်စတဲ့နေ့ကတည်းက ကျွန်တော်တို့တောက်လျှောက်ကူညီပေးနေတာ (၂)လကျော်ပါပြီ။ ဒေသအဖွဲ့အစည်းဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ညီနောင်အဖွဲ့တွေ၊ အလှူရှင်တွေနဲ့ပါ ပေါင်းစပ်ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ လက်ရှိ ပြန်လည်ထူထောင်ရေးကာလမှာတော့ မော်လမြိုင်က လာရောက်ပံ့ပိုးတဲ့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သောက်သုံးရေသန့် ဂါလံတစ်သောင်းခွဲ လှူဒါန်းပေးဖြစ်ခဲ့ပါတယ်။ နွံတွေရှင်းလင်းရေးအတွက်လည်း ကူညီဖြစ်ပါတယ်။ ထားဝယ်ဘက်က ဘေးဖြစ်စဉ်ကိုလည်း သွားကြရတော့ ဒီဘက်မှာ ထပ်မံကူညီနိုင်မှု နည်းသွားကြပြီ။ ဒေသမှာ တောင့်ခံပေးရဦးမယ့် ကျွန်တော်တို့အဖွဲ့မှာလည်း အလှူငွေအခံပြတ်နေပြီမို့ ဆက်ပြီး ကူညီနိုင်ဖို့အခက်အခဲရှိပါတယ်”ဟု ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူက ပြောကြားသည်။

ရေဘေးပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများမှလည်း မိမိတို့လုပ်ငန်းစဉ်အလိုက်ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group