
ရန်ကုန်မြို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနီးတွင် ပတ်စ်ပို့ပွဲစားအဖြစ် လုပ်ကိုင်နေသူများကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်က သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပတ်စ်ပို့ ပွဲစားများအား ပပျောက်ရေးဆောင်ရွက်လျက်ရှိရာ ပတ်စ်ပို့လျှောက်ထားသူများထံမှ သတ်မှတ်ငွေကြေးထက် ကျော်လွန်တောင်းခံပြီး ပွဲစားလုပ်ငန်းများဆောင်ရွက်နေသည့် ငြိမ်းချမ်းအောင်ဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပတ်စ်ပို့လျှောက်ထားသူများအား ငွေကြေးပိုမိုတောင်းခံပြီး လျှောက်ပေးသူ ဒေါ်အေးအေးမြင့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဗဟန်းမြို့မရဲစခန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၆၁ (က)ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
အလားတူ ပတ်စ်ပို့လျှောက်ထားသူများထံမှ သတ်မှတ်ငွေးကြေးထက်ပိုတောင်းပြီး ပွဲစားဆောင်ရွက်နေသူ၊ ဒေါ်သန်းသန်းကြည်၊ ဒေါ်သန္တာဦးတို့ကိုလည်း ဆက်လက်အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။