
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြစ်ရေကျဆင်းသွားသည့်အတွက် ယာယီပိတ်ထားသည့် အခြေခံပညာကျောင်း ၂၃ ကျောင်းအနက် ကျောင်းသုံးကျောင်း ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။
တနင်္သာရီမြစ်ရေသည် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီအချိန် တိုင်းထွာချက်များအရ ၁၅ ပေ ၈ လက်မသို့ ပြန်လည်ကျဆင်းသွားခဲ့သည့်အတွက် ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့်အခြေခံပညာကျောင်း စုစုပေါင်း ၂၃ ကျောင်းရှိသည့်အနက် အ-ထ-က-မော်တုန်း၊ အ-ထ-က(ခွဲ)ချောင်းလမုနှင့် အ-မ-က-တပ်ဦး စသည့် စာသင်ကျောင်း သုံးကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျောင်းပိတ်ထားခဲ့ရသည့်ရက်များအတွက် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် ပြန်လည်အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ရေပြန်လည်ကျဆင်းသွားသည့် ချောင်းကြီးရပ်ကွက်၊ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ (၁) လမ်း၊ တိုးချဲ့ (၂) လမ်းနှင့် ဘောလုံးကွင်းလမ်းတို့တွင် ကျန်ရစ်ခဲ့သည့် အမှိုက်များနှင့် နုန်းမြေများကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း၍ မီးသတ်ရေယာဉ် နှစ်စီး၊ အမှိုက်သိမ်းယာဉ် နှစ်စီးတို့ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။
မြစ်ရေမြင့်တက်လာမှုကြောင့် စက်တင်ဘာ ၂၉ ရက်မှစ၍ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း (၉) ခုတွင် အိမ်ထောင်စု ၅၄၆ စု၊ လူဦးရေ ၂၄၇၈ ဦးတို့မှာ ဆက်လက်နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာမှ မြစ်ရေမှတ်အခြေအနေများကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။