Eleven Media Group

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖျက်ဆီးရန်ကျန်ရှိသည့်အဆောက်အအုံများကို ဒုတိယပိုင်းအနေဖြင့် ထပ်မံဖြိုချဖျက်ဆီး

ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖျက်ဆီးရန် ကျန်ရှိသည့်အဆောက်အအုံများကို ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် ဒုတိယပိုင်းအနေဖြင့် စတင်ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင်အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၆၃၅ လုံးအား ရှာဖွေဖော်ထုတ်ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ယင်းဒေသတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝပြန်လည်အခြေမချနိုင်စေရေးအတွက် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အပိုင်း(၁၊ ၂၊ ၃)သတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၄၀ လုံးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့အားချိတ်ပိတ်၍ အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ဆောင်ရွက်ခဲ့ရာ ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား ဇူလိုင် ၂၆ ရက်တွင် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး ထပ်မံဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့(အောက်တိုဘာ ၆ ရက်) တွင် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံအမျိုးအစားများမှ ငါးထပ်အဆောက်အအုံ တစ်လုံးအား ထပ်မံဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်အဆောက်အအုံ ၁၄၀ လုံးအနက် ၇၇ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်၍ ယခုဖြိုချဖျက်ဆီးဆဲတစ်လုံးနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၂ လုံးကိုလည်း ဆက်လက်၍ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု(ONLINE SCAM)များ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အစီအစဉ်ချ၍ အပြီးတိုင်အမြစ်ပြတ်ရှင်းလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် အခြေပြုခိုအောင်းလုပ်ကိုင်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ကျူးလွန်နေသူများကိုလည်း ဖမ်းဆီးအရေးယူ၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အပြီးတိုင်လုံးဝပပျောက်သွားစေရေး နှိမ်နင်းလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group