Eleven Media Group

FIFA ဥက္ကဌနှင့် MFF အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇအပါအဝင် အာဆီယံဒေသတွင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများအလွတ်သဘော တွေ့ဆုံခဲ့ပြီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇအပါအဝင် အာဆီယံဒေသတွင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ဒေသတွင်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Gelora Bung Karno အားကစားကွင်း၌ အောက်တိုဘာ ၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် FIFA ASEAN Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino)၊ အာဆီယံဒေသတွင်း နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသတွင်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် MFF အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် FIFA ASEAN Cup ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ပြီး ပွဲအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

FIFA ASEAN Cup ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ မိနစ် ၉၀ နှင့် အချိန်ပို ၃၀ မိနစ်အထိ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အင်ဒိုနီးရှားအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုံးအကြိမ် FIFA ASEAN Cup ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group