Eleven Media Group

■နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဝန်ကြီးချုပ်ရုံးတွင် တရားဝင် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆို

■နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဝန်ကြီးချုပ်ရုံးတွင် တရားဝင် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆို

မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် က ဝန်ကြီးချုပ်ရုံးတွင် တရားဝင် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (အောက်တိုဘာ ၈ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်က မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံးတွင် တရားဝင်ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားဖြင့် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

တရားဝင်ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပမည့် မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင် က ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုသို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် မလေးရှားနိုင်ငံ နိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အစိုးရအဖွဲ့ဝင်များအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော် သမ္မတ က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေး ထိုးခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမြင့်ကြိုင်၊ ဦးမင်းနောင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့မှဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group