
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွာလာလမ်ပူမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာလာပြီ ဖြစ်သည်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(အောက်တိုဘာ ၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည့် နိုင်ငံတော်သမ္မတဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ဂုဏ်ပြုနှုတ်ဆက်ကြသည််။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပြုလုပ်ခြင်း၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ ပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားနယ်ပယ် ပေါင်းစုံ၊ ကဏ္ဍ င်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင် ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြကြောင်း သိရသည်။