
ဂျပန်ဝန်ကြီးချုပ်အား သင့်တော်သည့် လေးစားမှုကို ပြသရန် တရုတ်ကို ဂျပန်က သတိပေးခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကော်ကျားကွမ်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ၏ အမည်ရှေ့တွင် ဝန်ကြီးချုပ်ဟူသည့် ရာထူးဂုဏ်ပုဒ်ကို ထည့်သွင်းခေါ်ဆိုခြင်းမရှိဘဲ အမည်ကို တိုက်ရိုက် သုံးနှုန်းခေါ်ဆိုခဲ့မှုအတွက် ဂျပန်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်က ဂျပန်ဝန်ကြီးချုပ်၏ အမည်ကို ရာထူးဂုဏ်ပုဒ်မပါဘဲ ဆာနာအဲ တာကာအီချီဟုသာ ခေါ်ဆိုခဲ့သည့်အပေါ် အထူးဂရုပြုမိကြောင်း ဂျပန်အစိုးရက တရုတ်အစိုးရကို အကြောင်းကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တိုရှီဟိရို ခိတာမူရာက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာအာအီချီက လွှတ်တော်တွင် ပြောကြားခဲ့သည့် မှတ်ချက်စကားတစ်ခုတွင် တရုတ် (တိုင်ပေ) ကို တရုတ်က တိုက်ခိုက်လာပါက ဂျပန်က စစ်ရေးအရဝင်ရောက်စွက်ဖွယ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ပြီးနောက် သမိုင်းကြောင်းအရ တင်းမာမှုများ ရှိခဲ့သည့် တရုတ်နှင့် ဂျပန်ကြား သံတမန်ဆက်ဆံရေးသည် ဆိုးရွားလာခဲ့သည်။
ကော်ကျားကွမ်သည် စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ၏ နျူကလီးယားလက်နက်နှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေးဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြောကြားနေစဉ်အတွင်း တာကာအီချီကို ရာထူးဂုဏ်ပုဒ်မထည့်ဘဲ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
ခိတာမူရာက တရုတ်ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အပေါ် တိုက်ရိုက် မှတ်ချက်မပေးခဲ့သော်လည်း ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော်တို့ကြား ရပ်တည်ချက် သဘောထားတွေ ကွဲလွဲနေရင်တောင် အပြည်ပြည်ဆိုင်ရာ သံတမန်ကျင့်ဝတ် အနေနဲ့ အခြားနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ် သင့်တော်တဲ့ လေးစားမှုပြသဖို့ ဆိုတာ သဘာဝကျတဲ့ အချက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ အဓိက ရပ်တည်ချက်ကို တရုတ်နိုင်ငံဘက်ကို သင့်တော်တဲ့ အခင်းအကျင်းကနေတစ်ဆင့် အကြောင်းကြား ထုတ်ဖော်ထားပါတယ်" ဟု ဆက်လက် ပြောဆိုခဲ့သည်။
သံတမန်ရေးရာ တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ဂျပန် လွှတ်တော်အမတ်များသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။
ဝန်ကြီးချုပ် တာကာအီချီကမူ ၎င်း၏ မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ခုတွင် တရုတ်အစိုးရကို အရေးပါသော အိမ်နီးချင်းနိုင်ငံဟု ခေါ်ဆိုခဲ့ပြီး ပြိုင်ဘက် နှစ်နိုင်ငံကြား တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။
Ref: AFP