
DPLA နှင့် KNPP အဖွဲ့ဝင် ၄၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၄ ဦး၊ KNPP အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၄၈ ဦးတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို အောက်တိုဘာ ၇ ရက်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA-1 သေနတ် ၂ လက်၊ AK-47 သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်မျိုးစုံ ၂၅၁ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း၊ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၃ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ လက်ပစ်ဗုံး ၂ လုံးအတွက် ငွေကျပ် ၆ သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၄၈ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းဆုကြေးငွေကျပ် ၂၀၄ သိန်းနှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်မှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄ ဦး၊ ပင်းတယမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ ရွာငံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်မှ အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ အမျိုးသား ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသား ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှ အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။