Eleven Media Group

■ ဒေါ်နယ်ထရန့်က နိုဘယ်ငြိမ်းချမ်းရေးဆုကို ၎င်းရသင့်သည်ဟု ပြော

၂၀၂၆ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာတော့မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထိုဆုကို ၎င်းရသင့်သည်ဟု ပြောသည်။

သို့သော်ထရန့်က ဆုရရှိနိုင်မည့်အလားအလာနှင့် ပတ်သက်၍ သံသယရှိနေကြောင်း ပြောဆိုခဲ့သည်။ “သူတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်လိုလူတွေကို ဆုမပေးတတ်တဲ့ အစဉ်အလာ သူတို့မှာရှိတယ်”ဟု ထရန့်က ပြောသည်။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီတွင် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ထရန့်က ကမ္ဘာ့အထင်ကရ အဖြစ်ဆုံးဆုများထဲမှ တစ်ဆုဖြစ်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို မိမိသာရရှိသင့်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ရရှိခဲ့ပြီး မာချာဒိုက ၎င်း၏နိုဘယ်ဆုတံဆိပ်ကို ယခုနှစ်ဇန်နဝါရီတွင် ထရန့်ကို ပေးအပ်ခဲ့သည်။ မာချာဒိုသည် ဗင်နီဇွဲလားအရေးတွင် အမေရိကန်၏ ထောက်ခံမှုရရှိရန် ကြိုးပမ်းနေချိန် ထိုသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး သမ္မတရုံးခန်းတွင် သတင်းထောက်များနှင့်တွေ့စဉ် ထရန့်က “ သမ္မတထရန့်ထက် ပိုပြီး ဒီဆုနဲ့ထိုက်တန်တဲ့သူ သမိုင်းမှာမရှိဘူးလို့ ဆုရှင်ကပြောခဲ့တယ်။ အဲဒီဆုကို သွယ်ဝိုက်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဟု ပြောကြားခဲ့သည်။

ထရန့်က သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက် ပဋိပက္ခ ၈ ခုတွင် ဝင်ရောက်ညှိနှိုင်းပေးခဲ့ခြင်းများကို အခြေခံကာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၎င်းရသင့်ကြောင်း ပြောဆိုထားသည်။ ကမ္ဘောဒီးယား၊ အစ္စရေးနှင့် ပါကစ္စတန် ခေါင်းဆောင်များက ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းထားပြီး ထိုသတင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အလားအလာရှိသူများစာရင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)နှင့် ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ ရေးသားသူတို့ ပါဝင်နေသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group