
အရှေ့အလယ်ပိုင်း စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် တတ်နိုင်သမျှ "အကူအညီပေးမည်" ဟု ဒေသတွင်းထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရုရှားသမ္မတဗလာဒီမာပူတင်က အီရန်သမ္မတမာဆွတ်ပီဇက်ခီယန်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟုရုရှားမီဒီယာက အောက်တိုဘာလ ၈ ရက်တွင်ဖော်ပြခဲ့သည်။
ကက်စပီယန်ပင်လယ်အနီးရှိ အဗာဇာ အပန်းဖြေစခန်းတွင် အောက်တိုဘာလ ၉ ရက်နေ့၌ စတင်မည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ (CIS) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တာမင်နစ္စတန်နိုင်ငံသို့ ရောက်ရှိလာကြစဉ် ကမ္ဘာပေါ်တွင် ပိတ်ဆို့အရေးယူမှု အများဆုံးခံထားရသည့် ရုရှားနှင့်အီရန်တို့၏ ခေါင်းဆောင်များတွေ့ဆုံခဲ့ကြစဉ် ရုရှားသမ္မတဗလာဒီမာပူတင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပူတင်က "ဒီအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ မှန်သမျှကို ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံအနေဖြင့် "စစ်ပွဲကို အဆုံးသတ်ရန် အမှန်တကယ် ကြိုးပမ်းအားထုတ်မှုများ" ပြုလုပ်ခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများ၏ ဖော်ပြချက်အရ ပူတင်က ဆက်လက်ပြောကြားခဲ့သည်။
အလားတူ အီရန်နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေး၏ "အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများ" ကိုလည်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ သံတမန်ရေးနှင့်စစ်ရေးဆက်ဆံမှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်ခဲ့ကြပြီး တစ်ဦးအပေါ်တစ်ဦး ပိုမိုမှီခိုလာခဲ့ကြသည်။
ကိယက်ဗ်နှင့် အနောက်နိုင်ငံများက အီရန်နိုင်ငံသည် ယူကရိန်းအား တိုက်ခိုက်ရာတွင် အသုံးပြုရန် ရှာဟက်ဒ် (Shahed) ဒရုန်းများနှင့် တာတိုပစ် ဒုံးကျည်များကို ရုရှားသို့ ပံ့ပိုးပေးနေကြောင်း စွပ်စွဲထားကြသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် ပစ်မှတ်များအား တိုက်ခိုက်နိုင်ရန်အတွက် အချက်အလက်များကို အီရန်သို့ ထောက်ပံ့ပေးနေကြောင်းလည်း စွပ်စွဲခံထားရသည်။
Ref:AFP