
ICC တရားသူကြီးဟောင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိပြီး နာရီပိုင်း အကြာတွင် အမေရိကန်က နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။
ဒေါ်နယ်ထရန့်အစိုးရက အမေရိကန်နှင့် အစ္စရေးအပါအဝင် ၎င်း၏မဟာမိတ် နိုင်ငံများအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါတရားရုံးအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အောက်တိုဘာ ၉ ရက်တွင် လူမှုကွန်ရက်၌ ဗီဒီယိုမိန့်ခွန်းဖြင့် ကြေညာခဲ့ခြင်းဖြစ်ပြီး “ဒီဥပဒေမဲ့ တရားရုံး ICC နဲ့ အရောင်းအဝယ်လုပ်ငန်းတွေကို ပိတ်ပင်သွားမှာပါ။ ဒါမှ အဲဒီတရားရုံးရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ပြီး အမေရိကန်ကို ဆန့်ကျင်နိုင်စွမ်းတွေ အကြီးအကျယ် ထိခိုက်စေမှာပါ” ဟု ရူဘီယိုက ပြောသည်။
“အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေဟာ ဒီအတုအယောင် ICC ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး” ဟုလည်း ၎င်းကဆိုသည်။
ယခုပိတ်ဆို့အရေးယူမှုများကြောင့် ICC သည် အမေရိကန်အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် နည်းပညာကုမ္ပဏီများကို အသုံးပြုနိုင်တော့မည် မဟုတ်သည့်အပြင် အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ခြင်းကိုလည်း ကန့်သတ်ခံရမည်ဖြစ်သည်။ ICC နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နေသည့် အမေရိကန်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းရန် အချိန်ခြောက်လ ပေးထားသည်။ ရူဘီယိုက အမေရိကန်နှင့်အတူ မဟာမိတ်နိုင်ငံများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနေပြီး “သူတို့ မပူးပေါင်းဘူးဆိုလည်း အမေရိကန်ကို မခြိမ်းခြောက်နိုင်တော့တဲ့အထိ ICC ကို တစ်ဆင့်ချင်းစီ ဖျက်သိမ်းဖို့ ဆက်ပြီး ကြိုးပမ်းသွားမှာပါ” ဟုပြောသည်။
ICC ဘက်က အမေရိကန်၏လုပ်ရပ်သည် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာစည်းမျဉ်း အခြေပြုစနစ်၏ အခြေခံအုတ်မြစ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့သည်။
ဂျပန်နိုင်ငံသား ICC ဥက္ကဋ္ဌ တိုမိုကို အကာနေးက တရားရုံးအနေဖြင့် လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ထိန်းသိမ်းကာ ဥပဒေနှင့် သက်သေအထောက်အထားများကိုသာ အခြေခံ၍ ကြီးလေးသည့် ရာဇဝတ်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် မိမိ၏လုပ်ပိုင်ခွင့်တာဝန်များကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမည်ဟု ပြောသည်။ “ဒီကိစ္စဟာ အဖွဲ့အစည်းတစ်ခုတည်းကို ကာကွယ်ဖို့မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို အခြေခံထားတဲ့ နိုင်ငံတကာစနစ်ကို ကာကွယ်ဖို့ပါ” ဟု ဆိုကာ တရားရုံးအား ဆက်လက်ထောက်ခံကြရန် ICC အဖွဲ့ဝင်နိုင်ငံများအား ၎င်းက တိုက်တွန်းခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များကလည်း အမေရိကန်၏ ယခုပိတ်ဆို့မှုကို ရှုတ်ချနေကြပြီး ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန် သဘောမတူကြောင်း အသိပေးထားသည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကမူ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုလိုက်ကာ ICC သည် တရားရုံးတစ်ခု မဟုတ်ဘဲ ဥပဒေလိုက်နာသည့် ဒီမိုကရေစီနိုင်ငံများကို ခြိမ်းခြောက်နေသည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဟု ပြောကြားခဲ့သည်။
Ref: AP
#US #ICC#elevennews
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup