
9/11 တိုက်ခိုက်မှုများက ၎င်းအား လေယာဉ်မှူးဖြစ်လာစေရန် စေ့ဆော်ပေးခဲ့ခြင်းဖြစ်ကြောင်း Flydubai လေယာဉ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဉ်မှူးက ပြောကြားခဲ့သည်ဟု ကနဦးစုံစမ်းစစ်ဆေးချက်များအရ သိရှိရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် Flydubai လေယာဉ်ဖြစ်စဉ်တွင် လေယာဉ်ကို ပြန်ပေးဆွဲရန် ကြံစည်ခဲ့သူဟု စွပ်စွဲခံထားရသည့် တွဲဖက်လေယာဉ်မှူး ဟာမမ် အယ်လ် ဟာမာမီသည် လေယာဉ်ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူရီယွန်လေဆိပ်အား တိုက်ချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။
သူသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (9/11) တိုက်ခိုက်မှုနှင့် အလားတူတိုက်ခိုက်မှုမျိုးကို ပြုလုပ်လိုသဖြင့် လေကြောင်းလိုင်း အလုပ်အကိုင်ဘက်သို့ ကူးပြောင်းလာခြင်းဖြစ်ကြောင်း ယူအေအီ အစိုးရရှေ့နေချုပ် ဟားမတ် ဆေးဖ် အယ်လ် ရှမ်ဆီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယူအေအီးအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သည်။
"လေယာဉ်ကို အသုံးပြုပြီး အလားတူတိုက်ခိုက်မှုမျိုး ပြုလုပ်ချင်တဲ့ စိတ်ကူးဟာ သူ့စိတ်ကိုစွဲမြဲသွားခဲ့တာဖြစ်ပြီး သံသယရှိသူရဲ့ ထွက်ဆိုချက်တွေအရ ဒါဟာ လေကြောင်းလိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေခဲ့ပါတယ်" ဟု အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သော ၂၅ နှစ်က အမေရိကန်ပြည်ထောင်စုတွင် အကြမ်းဖက်သမားများက ခရီးသည်တင်လေယာဉ်လေးစီးကို ပြန်ပေးဆွဲပြီး နေရာသုံးခုကို ဝင်တိုက်ခဲ့သည့် 9/11 တိုက်ခိုက်မှုများအတွင်း လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။
Flydubai တွဲဖက်လေယာဉ်မှူးသည် ဘန်ဂူရီယွန် လေဆိပ်ရှိ ခရီးသည်တင် လေဆိပ်အဆောက်အအုံကို ပစ်မှတ်ထားပြီး အသေခံတိုက်ခိုက်မှုပြုလုပ်ရန် လေယာဉ်ကို ထိန်းချုပ်ကာ အကြမ်းဖက်ရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်ထားသည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် ဆန္ဒရှိခဲ့ပြီး ယင်းသည် လူအများဆုံး သေကြေပျက်စီးစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဏာမ စုံစမ်းစစ်ဆေးချက်များအရ စက်တင်ဘာ ၃၀ ရက် ပျံသန်းမှုခရီးစဉ်သည် အယ်လ် ဟာမာမီအတွက် တဲလ်အဗစ်သို့ ပထမဆုံးအကြိမ် ပျံသန်းသည့် ခရီးစဉ်မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။
သူသည် တိုက်ခိုက်မှုအတွက် ပြင်ဆင်သည့်အနေဖြင့် လမ်းကြောင်းနှင့် လေဆိပ်အခြေအနေများကို သိရှိနားလည်စေရန်အတွက် ဘန်ဂူရီယွန် လေဆိပ်သို့ ယခင်က နှစ်ကြိမ်တိုင်တိုင် လိုက်ပါပျံသန်းခဲ့ဖူးကြောင်း စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိခဲ့သည်။
အစ္စရေး အရာရှိတစ်ဦးနှင့် ထိုအကြောင်းအရာကို သိရှိသည့် အစ္စရေး သတင်းမြစ်တစ်ဦးက အဆိုပါ လေယာဉ်အားပြန်ပေးဆွဲရန် ကြံစည်သူသည် နိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာထွက်ပေါက်ဖြစ်သည့် ဘန်ဂူရီယွန် လေဆိပ်ကို ပစ်မှတ်ထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း CNN သို့ ယခင်ကတည်းက ပြောကြားခဲ့သည်။
Ref: CNN