
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရကို တရားစွဲဆိုခဲ့သည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု တည်ထောင်သူ ဦးသိန်းဝင်းဇော်၏သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားသည့် အထူးသတ်မှတ်ထားသည့် နိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများစာရင်း (SDN List) မှ ဖယ်ရှားပေးရန် မသိမ့်ဝင်းထက်က တရားစွဲဆို လျှောက်ထားခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ၎င်းအား ပိတ်ဆို့အရေးယူမှုမှ ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။
မသိမ့်ဝင်းထက်သည် မြန်မာတပ်မတော်ကို ထောက်ပံ့နေသည်ဟု စွပ်စွဲခံထားရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဏာလွှဲပြောင်းရယူခဲ့သည့် တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှု ရပ်တန့်ခဲ့သည့် အမေရိကန်၏မူဝါဒကို ပြောင်းလဲပြီး ထရန့်အစိုးရအဖွဲ့သည် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖော်ပြခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု တည်ထောင်သူ ဦးသိန်းဝင်းဇော်၏သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို SDN List မှ ဖယ်ရှားပေးခဲ့သည့် ဆုံးဖြတ်ချက်သည် အဆိုပါ ဆွေးနွေးမှုများ၏ ရလဒ်ကြောင့် ဟုတ်၊ မဟုတ် ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မရှိသေးပေ။
၂၀၂၁ ခုနှစ် တပ်မတော်က အာဏာလွှပြောင်းရယူပြီးနောက် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် မြန်မာတပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ကို ထောက်ပံ့နေသည်ဟု စွပ်စွဲခံရသည့် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ ယင်း၏ တည်ထောင်သူ ဦးသိန်းဝင်းဇော်နှင့် ၎င်း၏ မိသားစုဝင်များကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် တပ်မတော်အတွက် စက်သုံးဆီများကို တင်သွင်းဖြန့်ဖြူးပေးနေပြီး ၎င်းတို့မိသားစုသည် တပ်မတော်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် ကုမ္ပဏီ အနည်းဆုံး ၂၀ ကျော်ကို ပိုင်ဆိုင်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
မသိမ့်ဝင်းထက်သည် SDN List မှ ကင်းလွတ်ခွင့်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဘိုင်ဒင်အစိုးရကို တရားစွဲဆိုခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်း၏အမှုမှာ ပယ်ချခံခဲ့ရသည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုအရ SDN List တွင် ပါဝင်သူများ၏ အမေရိကန်၌ရှိသော ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ပိတ်ဆို့ထားပြီး အမေရိကန်နိုင်ငံသားများကိုလည်း ၎င်းတို့နှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံခွင့် ဘက်ပေါင်းစုံမှ ပိတ်ပင်ထားသည်။
သို့သော် အမေရိကန်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက တပ်မတော်ကို ကူညီခဲ့မှုဖြင့် အရေးယူခံထားရသည့် မြန်မာနိုင်ငံသားအချိုနှင့် ကုမ္ပဏီတစ်ခုအပေါ် ပိတ်ဆို့ထားမှုများကို အလားတူ ပြန်လည်ရုပ်သိမ်းပေးခဲ့ဖူးသည်။
မသိမ့်ဝင်းထက်သည် ယခုနှစ် ဇူလိုင်လတွင် တိုင်ကြားစာတစ်စောင် ထပ်မံတင်သွင်းလျှောက်ထားခဲ့ပြီး ၎င်းအနေဖြင့် ဖခင်ဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ချေပခဲ့သည်။ ထို့ပြင် ယခု ပိတ်ဆို့မှုများသည် နယူးယောက်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်း တက်ရောက်နေသည့် ၎င်း၏ ပညာသင်ကြားရေး အခွင့်အလမ်းများကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့သည်။
မသိမ့်ဝင်းထက်၏ တိုင်ကြားစာတွင် ၎င်း၏ အမေရိကန် ခရက်ဒစ်ကတ်များ ပိတ်ဆို့ခံခဲ့ရပြီး နိုင်ငံခြားဘဏ်အကောင့်များလည်း ကန့်သတ်ခြင်း၊ ပိတ်သိမ်းခံရခြင်း သို့မဟုတ် ငြင်းပယ်ခံရခြင်းများ ဖြစ်ပွားခဲ့ကာ အမေရိကန်နိုင်ငံအတွင်းရှိ တက္ကသိုလ် ပညာသင်ကြားမှုကိုလည်း အပြီးသတ်နိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၎င်းသည် လက်ရှိတွင် ဘန်ကောက်မြို့၌ မိခင်ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိကြောင်း ဖော်ပြထားပြီး မိခင်ဖြစ်သူမှာမူ ပြီးခဲ့သည့်နှစ်ကတည်းက ပိတ်ဆို့အရေးယူမှုစာရင်းမှ ဖယ်ရှားခြင်းခံခဲ့ရပြီးဖြစ်သည်။
Ref: Reuters