Eleven Media Group

■ ရုရှားနိုင်ငံထံမှ ဒီဇယ်ဆီများကို အမေရိကန်သို့တင်သွင်းရန် သဘောတူညီချက်ရရှိကြောင်း ထရန့် ကြေညာ

ရုရှားနိုင်ငံထံမှ ဒီဇယ်ဆီများကို အမေရိကန်သို့တင်သွင်းရန် သဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်ပြည်တွင်း၌ လောင်စာဆီစျေးနှုန်းများ လျှော့ချရန် ဖိအားပေးခံနေရချိန်တွင် ထရန့်က အဆိုပါ သဘောတူညီချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ထရန့်၏ ပြောကြားချက်အရ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်ဆီ တန်ချိန် ၃၀၀၀၀၀ ကို ချက်ချင်းပေးပို့ရန် သဘောတူခဲ့ပြီး နိုဝင်ဘာလတွင် တန်ချိန် ၅၀၀၀၀၀၊ ထို့နောက်တွင် တန်ချိန် ၁ သန်း ထပ်မံပေးပို့သွားမည်ဖြစ်သည်။

ယူကရန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကမူ အဆိုပါ သဘောတူညီချက်ကို ဒေါသထွက်ကြောင်း ဖော်ပြခဲ့ပြီး ယခုလုပ်ရပ်သည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်ကာ အဆုံးသတ်ရမည့် စစ်ပွဲကို ကြန့်ကြာအောင် ရင်းနှီးမြှုပ်နှံပေးလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ယခု သဘောတူညီချက်အရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှား၏ ဒီဇယ်ဆီ တင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ဧပြီ ၇ ရက်အထိ ရပ်ဆိုင်းပေးမည်ဖြစ်သော်လည်း အမေရိကန်ဘဏ်များရှိ ရုရှား၏ အခြားသော ပိုင်ဆိုင်မှုများကိုမူ ပိတ်ဆို့ထားဆဲဖြစ်သည်။

ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် တင်ထားသည့် ပို့စ်တစ်ခုတွင် ယူကရန်း၏ တိုက်ခိုက်မှုများ ခံထားရသည့် ရုရှား ရေနံချက်စက်ရုံများ၏ အခြေအနေအပေါ် မူတည်၍ နောက်ထပ် ရုရှားဒီဇယ်ဆီ တန်ချိန် ၃ သန်းသည် တိုတောင်းသော ကာလအတွင်း ထပ်မံရောက်ရှိလာလိမ့်မည်ဟု ရေးသားခဲ့သည်။

ယခုနှစ် အစောပိုင်းကတည်းက ဒီဇယ်ဆီ ပြည်ပသို့တင်ပို့မှု ပိတ်ပင်တားမြစ်ခဲ့သည့် ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ရောင်းချပေးရန် ဆန္ဒရှိကြောင်း ပူတင်က ပြောကြားခဲ့သော်လည်း ပမာဏအတိအကျကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

သို့သော်လည်း လေ့လာဆန်းစစ်သူများကမူ ရုရှားအနေဖြင့် အမေရိကန်သို့တင်ပို့ရမည့် ဒီဇယ်ဆီပမာဏအတိအကျကို အမှန်တကယ် ပေးပို့နိုင်စွမ်း ရှိ၊ မရှိနှင့် အဆိုပါ လုပ်ဆောင်ချက်က အမေရိကန် စားသုံးသူများအတွက် လောင်စာဆီဈေးနှုန်းများကို မည်မျှအထိ လျှော့ချပေးနိုင်မည်ဆိုခြင်းကို မေးခွန်းထုတ်လျက်ရှိကြသည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့၏ ရပ်တည်ချက်မှာ အလွန်ရှင်းလင်းပြတ်သားကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံကို ကူညီပံ့ပိုးပေးရန်နှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရန်အတွက် နိုင်ငံတကာ မဟာမိတ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။

Ref: BBC
Photos- AFP

မူရင်းသတင်း — Eleven Media Group