
မြန်မာနိုင်ငံရှိ လူဦးရေ ၃၇ သန်းကျော်သည် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရသူများနှင့် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နိုင်ခြေရှိနေသူများဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၈ ရက်က ထုတ်ပြန်သည့် UNDP ၏ “Layers of Deprivation: Multidimensional Poverty in Myanmar” အမည်ရှိ အစီရင်ခံစာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။
UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ ဒသမ ၉ သန်းခန့်သည် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရကြောင်းနှင့် နောက်ထပ်လူဦးရေ ၁၉ ဒသမ ၅ သန်းခန့်မှာလည်း ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နိုင်ခြေရှိနေကြောင်း သိရသည်။
ဆင်းရဲနွမ်းပါးမှုသည် ဝင်ငွေမလုံလောက်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းနှင့် ပညာရေးတို့တွင် တစ်ပြိုင်နက်ရှိနေသော် ချို့တဲ့မှုများနှင့် ဆက်နွှယ်နေကြောင်း၊ ထို့ကြောင့် ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းရာတွင် ဝင်ငွေတည်ငြိမ်မှုကို တိုးတက်စေခြင်းနှင့်အတူ အိမ်ထောင်စုများ၏ အရင်းအမြစ်များ၊ အခွင့်အလမ်းများနှင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတို့ကို အားကောင်းစေရန် လိုအပ်ကြောင်း UNDP က အကြံပြုထားသည်။
ဆင်းရဲနွမ်းပါးမှု ပုံစံများသည် နေရာဒေသကိုလိုက်၍ ကွဲပြားနေသဖြင့် ပြင်းထန်မှုနှင့် အတိုင်းအတာနှစ်ရပ်လုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ကယားနှင့် ရခိုင်ကဲ့သို့ လုံခြုံရေး မတည်ငြိမ်မှုနှင့် သွားလာမှုကန့်သတ်ချက်များ ပိုမိုပြင်းထန်သည့် ပြည်နယ်များတွင် ဆင်းရဲနွမ်းပါးမှုသည် အလွန်ပြင်းထန်ပြီး ဆင်းရဲနွမ်းပါးသူအချိုး မြင့်မားသည့်အပြင် ချို့တဲ့မှုလည်း ပိုမိုနက်ရှိုင်းကြောင်း၊ ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှု အညွှန်းကိန်းအရ ဆင်းရဲနွမ်းပါးချက်ရှိသော အိမ်ထောင်စုအများစုမှာ လူဦးရေ ထူထပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သော ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် စုဝေးတည်ရှိလျက်ရှိကြောင်း UNDP က ဆိုသည်။
နိုင်ငံတစ်ဝန်း အိမ်ထောင်စုထက်ဝက်ကျော်သည် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို ရင်ဆိုင်နေရပြီး အိမ်ထောင်စု ငါးစုလျှင် တစ်စုခန့်သည် သဘာဝအန္တရာယ်ဆိုင်ရာ ရိုက်ခတ်မှုများကို ကြုံတွေ့နေရကြောင်း၊ ပဋိပက္ခဆိုင်ရာ ရိုက်ခတ်မှုများသည် နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းမရှိသော်လည်း ပဋိပက္ခဒဏ်ရင်ဆိုင်နေရသည့် ဒေသများသည် အမြင့်ဆုံးသော ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုအဆင့်များကို ရင်နေကြရကြောင်း UNDP က ထုတ်ပြန်ထားသည်။
ထို့ပြင် ဝင်ငွေအနိမ့်ဆုံးအုပ်စုများရှိ အိမ်ထောင်စုများ၊ နေ့စားနှင့် ယာယီအလုပ်အကိုင်များကို မှီခိုရသည့် အိမ်ထောင်စုများနှင့် ပညာအရည်အချင်း အကန့်အသတ်ဖြင့်သာရှိသည့် အိမ်ထောင်ဦးစီးရှိသော အိမ်ထောင်စုများတွင် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုအဆင့် အမြင့်ဆုံးကို တွေ့ရကြောင်း၊ နေရပ်ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုများနှင့် ထိခိုက်လွယ်သော မြို့ပြနေ လူဦးရေအုပ်စုများတွင်လည်း နေထိုင်ရာ မတည်ငြိမ်မှု၊ သမာရိုးကျမဟုတ်သော အလုပ်အကိုင်များနှင့် အခြေခံဝန်ဆောင်မှုများ ရရှိနိုင်မှု အကန့်အသတ်များကြောင့် ဆင်းရဲနွမ်းပါးမှုအန္တရာယ် ပိုမိုမြင့်မားနေကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု ဖြေရှင်းရေးအား ထိရောက်စွာပစ်မှတ်ထား ဆောင်ရွက်ရန် ယင်းအုပ်စုတစ်ခုချင်းစီ ရင်ဆိုင်နေရသည့် ကွဲပြားသော အားနည်းချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း UNDP က ထုတ်ပြန်ခဲ့သည်။