
ဒုတိယဝန်ကြီးငါးဦးနှင့် ရာထူးဝန်အဖွဲ့ဝင် တစ်ဦးကို ဌာနများပြောင်းလဲခန့်အပ်ပြီး ဒုတိယဝန်ကြီးအသစ်ငါးဦးခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်များအား ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။
ထိုသို့ဒုတိယဝန်ကြီးများအား ဌာနပြောင်းလဲခန့်အပ်ရာတွင်အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းအား နေပြည်တော်ကောင်စီဝင်အဖြစ်လည်းကောင်း၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်အား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဟန်ဝင်းအောင်အား အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့သည်။
ထို့အတူ ဦးဝင်းမောင်သိန်းအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာ တင်ထွန်းအား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာ နေသွယ်ကြည်အား အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမျိုးအောင်အား အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမျိုးကျော်သူအား အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း အသစ်ခန့်အပ်ခဲ့သည်။
ယင်းအပြင် ဦးစောရန်အောင် အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါ်အေးအေးလှိုင် အား ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာများထုတ်ပြန်ထားသည်။