
အောက်တိုဘာ - ၁၀ ( စနေနေ့ )
အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်၊ လန်ဆင်းမြို့က မြစ်ကမ်းနံဘေး လူသွားလျှောက်လမ်းနားမှာ အိုးမဲ့အိမ်မဲ့ အမျိုးသား ၅ ဦးရဲ့ အလောင်းတွေကို တစ်နှစ်အတွင်းမှာ ဆက်တိုက်ဆိုသလို ရှာတွေ့ခဲ့ရပါတယ်။ ဒါဟာ ကွင်းဆက်လူသတ်သမားစဉ် တစ်ယောက်ရဲ့ လက်ချက် ဟုတ်မဟုတ် ဆိုတာကို ရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းစစ်ဆေးနေပါပြီ။
သေဆုံးသွားတဲ့သူတွေက အသက် ၂၂ နှစ်ကနေ ၇၀ ကြားတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကနေ ဒီနှစ် ဩဂုတ်လအတွင်းမှာ မြို့လယ်ခေါင်နားက ငါးမိုင်လောက်ရှိတဲ့ လမ်းပိုင်းတစ်လျှောက်မှာ အလောင်းတွေ အသီးသီး တွေ့ရှိခဲ့ရတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲမှူးကြီး ရောဘတ် ဘက်ကပ်စ်က သတင်းထောက်တွေကို ပြောပြရာမှာ - "လန်ဆင်းမှာ ကွင်းဆက်လူသတ်သမား ရှိနေပြီလားလို့ လူတွေက မေးနေကြပါတယ်။ ကျနော်တို့ အဓိက ပြောချင်တာကတော့ ဒီအမှုတွေအားလုံးကို အစွမ်းကုန် စုံစမ်းနေပါတယ်၊ အမှုတွေအချင်းချင်း ဆက်စပ်မှု ရှိမရှိဆိုတာကိုလည်း သေချာ စစ်ဆေးနေပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
သားကောင်တွေထဲက ၄ ဦးရဲ့ မျက်နှာမှာ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရပြီး၊ တစ်ဦးကတော့ ဓားထိုးခံထားရတာပါ။ အလောင်း ၅ လောင်းထဲက ၃ လောင်းကို လူသတ်မှုလို့ အတည်ပြုထားပြီး၊ ကျန်တဲ့အလောင်းတွေရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က ဆက်လက် ဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။
တရားခံလို့ ယူဆရတဲ့ အက်ဒဝပ် စမစ် ဆိုသူကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က အသက် ၂၂ နှစ်အရွယ် ဒေးနီရယ် လာစ်ကို ဓားနဲ့ထိုးပြီး သတ်ခဲ့မှုနဲ့ ဖမ်းဆီး တရားစွဲဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီလူကို တခြား သေဆုံးမှုတွေနဲ့တော့ ရဲတပ်ဖွဲ့က အခုထိ ချိတ်ဆက်စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် သူအဖမ်းခံရပြီးနောက် ရက်ပိုင်းအကြာ ဩဂုတ်လ ၃၀ ရက်နေ့မှာလည်း အသက် ၅၇ နှစ်အရွယ် လူဝစ် ဝုဒ်ဖ် ဆိုသူကို ဒဏ်ရာတွေနဲ့ ထပ်တွေ့ခဲ့ရပြီး စက်တင်ဘာ ၁ ရက်နေ့မှာတော့ ဆုံးပါးသွားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ ယူဆချက်အရ ဒီအမျိုးသားတွေထဲက အချို့ဟာ ညဘက်တွေမှာ အိပ်ပျော်နေစဉ် (သို့မဟုတ်) လှဲလျောင်းနေတုန်း တိုက်ခိုက်ခံခဲ့ရနိုင်တယ်လို့ သံသယရှိကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရဲတပ်ဖွဲ့က အတည်မပြုရသေးတဲ့ ယူဆချက်တစ်ခုသာ ဖြစ်တယ်လို့လည်း အလေးပေး ပြောဆိုထားပါတယ်။
ဒီအမှုမှာ သက်သေထွက်ဆိုမယ့်သူ မရှိသလောက် ရှားပါးနေတာနဲ့ စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းအကန့်အသတ်နဲ့သာ ရှိနေတာတွေက စုံစမ်းစစ်ဆေးရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က လမ်းတစ်လျှောက်မှာ ကင်းလှည့်မှုကို တိုးမြှင့်လုပ်ဆောင်နေသလို မိုဘိုင်းကင်မရာတွေကိုလည်း ချထားပေးပါတယ်။ အလားတူ လူမှုရေးဝန်ထမ်းတွေကလည်း အိုးမဲ့အိမ်မဲ့ ဒေသခံတွေ ဘေးကင်းလုံခြုံတဲ့ နေရာထိုင်ခင်းတွေ ရရှိနိုင်ဖို့ ကူညီပေးနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကွင်းဆက်လူသတ်မှုတွေ ဆိုတာ အင်မတန် ရှားပါးပါတယ်။ FBI ရဲ့ အဆိုအရ လူသတ်မှု စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ သိရပါတယ်။ နိုင်ငံအတွင်းမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အထင်ရှားဆုံး လူသတ်မှုတစ်ခုကတော့ နယူးယောက်က ဂေဂိုကမ်းခြေ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရက်စ် ဟျူမန် ရဲ့ အမှုပဲ ဖြစ်ပါတယ်။ သူဟာ အမျိုးသမီး ၈ ဦးကို သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် ဒီနှစ် ဇွန်လမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
REF: RT
#News #Myanmar