Eleven Media Group

■ မြန်မာအစိုးရအား ဆွေး‌နွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရေးတွင် တိုးတက်မှုအချို့ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ပြောကြား

မြန်မာအစိုးရအား ဆွေး‌နွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရေးတွင် တိုးတက်မှုအချို့ ရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြောကြားခဲ့ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
မားကို့စ်သည် အောက်တိုဘာ ၈ ရက်က The Straits Times သတင်းစာနှင့် သီးသန့် အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ၏ ဘုံသဘောတူညီမှု ၅ ချက် ငြိမ်းချမ်းရေး အစီအစဉ်သည် အလုပ်မဖြစ်တော့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ချဉ်းကပ်ပုံ မူဝါဒကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့သည်။အဆိုပါ ငြိမ်းချမ်းရေး အစီအစဉ်သည် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ သက်ဆိုင်သူများကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အထူးသံတမန် ခန့်အပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် အထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်ရန် စသည့် အချက်များ ပါဝင်သည်။

သို့သော် အာဆီယံ၏ ဘုံသဘောဆန္ဒ ၅ ချက်သည် အလုံးစုံ မှန်ကန်သည့် အရာဖြစ်သော်လည်း အလုပ်မဖြစ်ခဲ့ကြောင်း မားကို့စ်က ပြောဆိုခဲ့သည်။
"ဒါဟာ ကျွန်တော်တို့ ဥက္ကဋ္ဌ တာဝန်ယူချိန်မှာ ရှေ့ကို ဆက်လက် တွန်းအားပေးနိုင်ခဲ့တဲ့ အစပျိုးမှုတွေထဲက တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ မေလအတွင်း စီဗူးမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချဉ်းကပ်မှုအသစ်တစ်ခု လိုအပ်တယ်ဆိုပြီး ကျွန်တော် အဆိုပြုခဲ့လို့ပါ။ ဘာမှ ဖြစ်မလာတဲ့အတွက် ကျွန်တော်တို့ တခြားတစ်ခုခုကို လုပ်ရတော့တာပါ။ မြန်မာသမ္မတဟာ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို တွေ့လိုက်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။ ဒါဟာ အရင်က လုံးဝ မရှိခဲ့ဖူးတဲ့ စတင်မှုတစ်ခုပဲ ဖြစ်ပါတယ်" ဟု ၄င်းက ‌ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ချက်ချသည့် မူဝါဒများကြောင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဆိုသည့် ဝေဖန်ထောက်ပြ‌မှုများကိုမူ မားကို့စ်က ငြင်းဆိုခဲ့သည်။

"အာဆီယံကို စွမ်းအားကြီးမားစေတာဟာ စိစစ်စုံစမ်း အဖြေရှာရင်း ဘုံသဘောတူညီချက် (Consensus) ကို အစဉ်အမြဲ ရှာဖွေနေတဲ့ လုပ်ငန်းစဉ်ကြောင့်လို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲပြားမှုများ၊ အယူအဆအကွဲအလွဲများနှင့် မတူညီမှုများရှိနေသော်လည်း အဓိကကျသော ဘုံအချက်အလက်များကို မူအားဖြင့် သဘောတူထားကြပြီး ယင်းတို့အပေါ် အခြေခံ၍ ဆက်လက် တည်ဆောက်သွားနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။မြန်မာနိုင်ငံ၏ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ပိုမိုလုပ်ဆောင်ရန် သို့မဟုတ် အခြားကွဲပြားသော နည်းလမ်းဖြင့် ဆောင်ရွက်ရန် ခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့် မေလ အာဆီယံထိပ်သီးအစည်းအဝေးမှ စတင် ပေါက်ဖွားလာခြင်းဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

Ref: The Straits Times

မူရင်းသတင်း — Eleven Media Group