
သမဝါယမအသင်းများနှင့်ပတ်သက်ပြီး မြေနှင့် အဆောက်အဦများ မြေပြင်တွင် အမှန်တကယ်မရှိခြင်းနှင့် ပြည်သူပိုင်အခန်းငှားရမ်းခ ကြွေးကျန်ပေးသွင်းမှုမရှိခြင်းများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုက ပြောကြားသည်။
အောက်တိုဘာ ၉ ရက်က ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
"သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာနနဲ့ဆိုင်တဲ့ စစ်ဆေးတွေ့ရှိချက်ပါရှင့်။ ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စစ်ဆေးချက်အစီရင်ခံစာပါတဲဲ့ နဝရတ်အထွေထွေ စီးပွားရေးအသင်း (အင်းစိန်)နှင့် နဝရတ်ကျန်းမာရေးစောင့်ရှောက်မှုအသင်း (ရွှေပြည်သာ) သမဝါယမအသင်း (၂) သင်းဟာ ဆိုလို့ရှိရင် ကျွန်မတို့ စစ်ဆေးတဲ့ ၂၆-၂-၂၀၂၆ ရက်နေ့ထိ (၈) နှစ်ကျော် ကြာမြင့်နေပြီ စာရင်းရှင်းလင်း နိုင်မှုမရှိသေးတဲ့အတွက်ကြောင့်မို့လို့ အင်းစိန်မြို့နယ်ဦးစီးအရာရှိနဲ့ ရွှေပြည်သာမြို့နယ်ဦးစီးအရာရှိက မြေပြင်မှာကွင်းဆင်းစိစစ်လိုက်တဲ့အခါမှာ အဲဒီသမဝါယမအသင်းဟာ မြေနှင့် အဆောက်အဦတွေက မြေပြင်မှာ အမှန်တကယ်မရှိတော့ဘူး။ အဲဒီအသင်းတွေကို သမဝါယမအသင်းဥပဒေနှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းခွင့်ပြုဖို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနကနေပြီးတော့ ရုံးချုပ်ကိုတင်ပြပြီးဖြစ်ပါတယ်"ဟု စာရင်းစစ်ချုပ် ဒေါ်ခင်မာချိုကပြောကြားသည်။
ထို့ပြင် ပြည်သူပိုင်အခန်းငှားရမ်းခကြွေးကျန်များ နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၄)လမ်း၊ အမှတ်(၈၈)၊ ပထမထပ်၊ ဆဌမထပ်နှင့် အမှတ် (၉၀)၊ ပထမထပ်၊ ဆဌမထပ်၊ စုစုပေါင်း ပြည်သူပိုင်သိမ်းအခန်း (၄) ခန်းအား လမ်းမတော်မြို့နယ်သမဝါယမအသင်းစုမှ ငှားရမ်းခကြွေးကျန် ပေးသွင်းမှုမရှိခြင်းနှင့် အခန်းကို ပြန်လည်အပ်နှံခဲ့မှုမရှိကြောင်း ၎င်းကပြောကြားသည်။
အဆိုပါကိစ္စကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအား အခွင့်ရအာဏာပိုင်အဖြစ် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်သို့ စာရင်းစစ်ချုပ်က တင်ပြခဲ့သည်။
"၃-၈-၂၀၂၃ ရက်နေ့ရှိ ငှားရမ်းခကြွေးကျန် ကျပ်သန်း ၁၀.၀၅၁ အား လမ်းမတော်မြို့နယ်သမဝါယမဦးစီးဌာန သို့ ပေးသွင်းဖို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း (၉) ကြိမ်နှင့် ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ လစဉ် အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း ဌာနမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။ သုံးသပ်အကြံပြုချက်အနေနဲ့ ဆိုရင်သမဝါယမဦးစီးဌာန (ရုံးချုပ်) မှ စာရင်းရှင်းလင်းဖျက်သိမ်းခွင့်ပြုမိန့် ထုတ်ပြန်ပေးမှုမရှိသေးခြင်းနှင့် ပြည်သူပိုင်သိမ်းအခန်း (၄) ခန်း ပြန်လည်အပ်နှံမှုမရှိသေးခြင်း တို့အတွက် ဥပဒေအရ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များကို သမဝါယမဦးစီးဌာန (ရုံးချုပ်) သို့ ပြန်လည်တင်ပြ ဆောင်ရွက်ထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ဆဲဖြစ်ခြင်းကြောင့် အမှုပြီးပြတ်စေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွန်မတို့သုံးသပ်အကြံပြုခဲ့ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုကပြောကြားသည်။