
မော်လမြိုင်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၉၂) ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပပြီး သံဃာတော်အပါး (၈၇၀၀) ကျော်နှင့် သီလရှင် အပါး (၁၅၀၀) ကျော်တို့အား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ (၉) ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ဆွမ်းဆန်တော်လောင်းလှူပွဲ ပထမနေ့တွင် နံနက် (၅) နာရီချိန်မှစတင်ကာ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ လောက မာရဇိန် ငွေဘုံသာဆုတောင်းပြည့်စေတီမှ ဇေယျာ(၂)လမ်း အတိုင်း မြောက်မှ အနောက်ဘက် မင်းလမ်းမတစ်လျှောက်၊ သာယာကုန်းဝတ်တော်ကြီးအထိ ဆရာတော်သံဃာတော်များ၊ ရဟန်းသာမဏေများနှင့် သီလရှင်များ အလှူခံကြွရောက်ခဲ့ကြပြီး၊ ထိုလမ်းတစ်လျှောက်တွင် မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ခံပြည်သူများမှ ဆွမ်းဆန်များ လောင်းလှူခဲ့ကြသည်။
မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှုပွဲ၌ မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်းနှင့် စာသင်တိုက်ကျောင်းပေါင်း (၃၀၈) ကျောင်းမှ ရဟန်း၊ ရှင်သာမဏေ (၈,၇၆၈) ပါးနှင့် သီလရှင်စာသင်တိုက် (၆၄) ကျောင်းတိုကမှ သီလရှင် (၁,၅၆၈) ပါး တို့အား ဆွမ်းဆန်တော်များ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
"ဒီနှစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပထမနေ့မှာ နေထွက်လာတာနဲ့ အပူရှိန်က ပြင်းတော့ သံဃာတော်တွေရော သီလရှင်တွေ အရမ်းပင်ပန်းကြတယ်။ နောက်နှစ်တွေမှာ ဆရာတော်၊ သံဃာတော်တွေ သီလရှင်တွင် ပိုပြီးတော့ အဆင်ပြေစေဖို့ အစီအစဉ်တွေကို အပြောင်းအလဲလုပ် ဆောင်သင့်ပါတယ်"ဟု မော်လမြိုင်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
နှစ်စဉ် ယခုလို ဆွမ်းဆန်တော်အလှူလောင်းလှူခွင့်ရသည့်အတွက်ကြောင့်လည်း အရမ်းကို ပီတိဖြစ်ရပါကြောင်းလည်း ၎င်းကဆက်ပြောသည်။
(၁၉၂) ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် အလှူရှင်များမှ ဆွမ်းဆန်တော်များ လောင်လှူခဲ့ကြသည့်အပြင်၊ ရေနှင့် အချိုရည်များကပ်လှူခဲ့ကြကြောင်းလည်း သိရသည်။
ထို့အတူ မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ ဒုတိယနေ့ အဖြစ် မနက်ဖြန် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် (၅) နာရီ အချိန်မှစတင်ကာ သာယာကုန်းဝတ်တော်ကြီးမှ အောက်လမ်းမကြီးအတိုင်း ကျောက်မီးသွေးရုံလမ်းဆုံမှ အရှေ့ဘက်ချိုးကွေ့၍ သီရိမြိုင် ရွှေလမ်းထိပ်မှ အတုလမာန်အောင်စေတီတော်အထိ သံဃာတော်များ၊ သီလရှင်များမှ အလှူခံကြွရောက်ကြမည်ဖြစ်ကြောင်း သိရသည်။