
ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီးအထူးရထား (DEMU) ရထားများ ပြေးဆွဲပြီးနောက်၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိကာလအတွင်း မတော်တဆမှုဖြစ်စဉ် (၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး (၁၀)ဦး သေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၉ ရက်နေ့က ဖြူးဘူတာတွင် ပြုလုပ်သည့် မှုခင်းအသိပညာပေးဟောပြောပွဲမှ သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်ရှိ တရားမဝင်လမ်းကူးများတွင် ယခုနှစ် ကိုးလအတွင်း အဆိုပါမတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားမတော်တဆမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ရထားသွားလာမှုနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပြီး ရန်ကုန်-မန္တလေးခရီးစဉ်အား အစုန်၊ အဆန် DEMU ရထားခြောက်စီးဖြင့်လည်းကောင်း၊ နေပြည်တော်-ရန်ကုန်ခရီးစဉ်အား အစုန်၊ အဆန် DEMU ရထားလေးစီးဖြင့်လည်းကောင်း ပြေးဆွဲပေးလျက်ရှိကြောင်း၊ ရထားမတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ပိတ်သိမ်းရန်လိုအပ်သည့် တရားမဝင်လမ်းကူးများကို လုံးဝပိတ်သိမ်းခြင်း၊ မဖြစ်မနေထားရှိရမည့် လမ်းကူးများတွင် သက်ဆိုင်ရာ မြို့နယ်နှင့် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်မောင်းတံနှင့် ဂိတ်စောင့်များထားရှိခြင်း၊ ဂိတ်စောင့်မထားနိုင်သည့် လမ်းကူးများတွင် “ရပ်၊ ကြည့်၊ သွား” သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် ရထားလမ်းတာဘောင်ပေါ်တွင် စုဖွဲ့နေထိုင်ခြင်း၊ ရထားသံလမ်းပေါ်နှင့် သံလမ်းအနီးတွင် လဲလျောင်းအိပ်စက်ခြင်းများ မပြုလုပ်ရန်နှင့် ရထားသွားလာမှု ကင်းရှင်းမှသာ လမ်းကူးဖြတ်သန်းရန် ပြည်သူများအား အသိပညာပေးရန် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာများသို့ ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါညွှန်ကြားချက်အရ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီအထိ ဖြူးဘူတာ၌ ဖြူးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်လင်း၊ တိုင်း(၆) ဖြူးမီးရထားရုံပိုင်ကြီး ဦးစံဌေးနှင့် ခွဲ(၁၁) စု(၃) ဖြူးမီးရထားတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ခင်မောင်ညွန့်တို့က ခရီးသွားပြည်သူ ၄၅ ဦးခန့်အား မှုခင်းအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရထားသွားလာမှု ကင်းရှင်းမှသာ လမ်းကူးဖြတ်သန်းရန်၊ ရထားလမ်းတာဘောင်ပေါ်တွင် စုဖွဲ့နေထိုင်ခြင်းနှင့် ရထားသံလမ်းပေါ်၊ သံလမ်းအနီးတွင် လဲလျောင်းအိပ်စက်ခြင်းများ မပြုလုပ်ရန် အသိပညာပေးခဲ့ပြီး တက်ရောက်လာသူများအား မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။