
ငွေလုံးငွေရင်းသဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခြင်းအတွက် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက်လျာထား တောင်းခံသုံးစွဲရန် စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်က ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မာချိုက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၉-၄-၂၀၂၂ ရက်စွဲပါစာအရ အကြီးစားမွမ်းမံပြင်ဆင်စရိတ်နှင့် ငွေပမာဏအားဖြင့် များပြားသည့်ပြင်ဆင်ထိန်းသိမ်းစရိတ် များ၊ ကျပ်သန်း ၂၀ နှင့်အထက် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို ငွေလုံးငွေရင်းအသုံးစရိတ်စာရင်းတွင် ထည့်သွင်းလျာထားရန်ဖြစ်ခြင်း၊ သို့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းကို သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေအတွင်း ကျရောက်စေရန် ကျပ်သန်း ၂၀ အောက် လုပ်ငန်းများအဖြစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၀၄-၀၂ အဆောက်အဦပြင်ဆင်ထိန်းသိမ်းစရိတ်ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံး ပြုပြင်ခြင်းလုပ်ငန်း(ကျပ်သန်း ၅၉ဒသမရ၄၀) အား ခန့်မှန်းခြေစာရင်း (၆) စောင်ဖြင့်လည်းကောင်း၊ ၀၄-၀၉ အခြားပြင်ဆင်ထိန်းသိမ်း စရိတ်ဖြင့် လှည်းကူးခရိုင်ရုံး ပြုပြင်ခြင်းလုပ်ငန်း(ကျပ်သန်း ၄၉ဒသမ၈၁၅)အား ခန့်မှန်းခြေစာရင်း (၅) စောင် ဖြင့်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၀၄-၀၂ အဆောက်အဦပြင်ဆင်ထိန်းသိမ်းစရိတ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ တိုက်-ဂျေ၊ ၆ ခန်းတွဲ (၂) ထပ်ပြုပြင်ခြင်းလုပ်ငန်း (ကျပ်သန်း ၆၂ဒသမရ၁၀)အား ခန့်မှန်းခြေစာရင်း (၄) စောင်ဖြင့်လည်းကောင်း လုပ်ငန်းအပိုင်းများခွဲ၍ ဆောင်ရွက်ထားကြောင်း အစီရင်ခံစာတွင်ပါရှိသည်။
ဆက်လက်ပြီး ငွေလုံးငွေရင်းရန်ပုံငွေမှ လျာထားဆောင်ရွက်သင့်သည့် ကျပ်သန်း ၂၀ အထက်လုပ်ငန်းဖြစ်သည့် ပြည်ထဲရေးရိပ်သာ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းတန်ဖိုး ကျပ်သန်း ၁၂၉ဒသမ၄၅၄ အား တင်ဒါဖြင့် သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ ၀၄-၀၂ အဆောက်အဦပြင်ဆင်ထိန်းသိမ်းစရိတ်မှ ကျခံသုံးစွဲထားသည်ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။
ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကျခံသုံးစွဲသင့်သည့် လုပ်ငန်းများဖြစ်သော်လည်း အဆိုပါလုပ်ငန်းများမှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် မူလရသုံးမှန်းခြေငွေစာရင်း အတည်ပြုပြီးနောက်ပိုင်းမှ မဖြစ်မနေ ပြုပြင်ဆောင်ရွက်ရန် လိုအပ်လာခြင်းများကြောင့် လုပ်ငန်းအပိုင်းများခွဲ၍ ဆောင်ရွက်ခဲ့ရပြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ခဲ့သော်လည်း ငွေလုံးငွေရင်းသဘောဆောင်သည့် အသုံးစရိတ်များကို သာမန်အသုံးစရိတ်မှ ကျခံသုံးစွဲခဲ့ခြင်းသည် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်ညီညွတ်မှုမရှိသည့်အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသဖြင့် နောင်တွင် ညွှန်ကြားချက်နှင့်အညီ ဘတ်ဂျက် လျာထားတောင်းခံသုံးစွဲရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်အကြံပြုထားသည်။