
■ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့်ပညာရေး ဒုတိယဝန်ကြီးနှစ်ဦး၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တစ်ဦးအား တာဝန်မှအနားယူခွင့်ပြု
■ လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာစိုးဝင်းအား ကျန်းမာရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှစ်ဦး ခန့်အပ်
ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးနှင့်ပညာရေး ဒုတိယဝန်ကြီးနှစ်ဦး၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တစ်ဦးအား တာဝန်မှအနားယူခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့(အောက်တိုဘာ ၉ ရက်)တွင်အမိန့်များ ထုတ်ပြန်သည်။
အဆိုပါ အမိန့်များအရ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။
ထို့အတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်တို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။
အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်သည်။