Eleven Media Group

■ ဧရာဝတီတိုင်းဒေသကြီးရှိ မမြရေလှောင်တမံ တာဘောင်နိမ့်ကျမှုဖြစ်ပွားသဖြင့် မြန်အောင်နှင့် အင်္ဂပူမြို့နယ်ရှိ ဆက်စပ်ဒေသများ၌  ဒေသခံများ ကြိုတင်ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီးရှိ မမြရေလှောင်တမံ တာဘောင်နိမ့်ကျမှုဖြစ်ပွားသဖြင့် မြန်အောင်နှင့် အင်္ဂပူမြို့နယ်ရှိ ဆက်စပ်ဒေသများ၌ ဒေသခံများ ကြိုတင်ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် ညပိုင်းတွင် တာဘောင်နိမ့်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းနှင့်ဆက်စပ်သည့်မြို့ရွာများ၌ ဒေသခံများ ကြိုတင်ပြောင်းရွှေ့ရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
“ရေလှောင်တမံ တာဘောင်မှာ ၆ ပေလောက် အိကျသွားတယ်။ ရေလျှော့ဖို့လည်းရှိတယ်လို့ သိထားတယ်။ ရေလွှတ်မှာဆိုတော့ လက်ပံကွင်းတိုက်နယ်ဆေးရုံမှာ ရေဘေးရှောင်တွေအတွက် စီစဉ်နေပါတယ်။ လက်ရှိ မိသားစု ၁၀၀ နီးပါးလောက်ရောက်နေပါပြီ။ ဆေးရုံက ကုန်းမြင့်တော့ ဆေးရုံထဲမှာ ရှောင်ခိုင်းထားတာပေါ့။ လူနာက သပ်သပ်၊ ရေဘေးရှောင်တွေက သပ်သပ်စီစဉ်ထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးနဲ့ပေါင်းစပ်ပြီး အခုလို အားချင်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ချောင်းတစ်လျှောက်ရွာတွေမှာ နှိုးဆော်ပေးထားပါတယ်။ ရေလွှတ်တဲ့အပေါ်မူတည်ပြီး ချောင်းတစ်လျှောက် အခြေအနေပေါ်မူတည်ပြီးတော့ လိုအပ်တာတွေ ဆက်လက်စီမံဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်အောင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောကြားသည်။

မမြရေလှောင်တမံဖြစ်စဉ်အခြေအနေနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနိုင်ရန် ဆည်တာဝန်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် မေးမြန်းခွင့်မရခဲ့ပါ။

အင်္ဂပူမြို့နယ်၌ ဒေသခံများအား အသိပေးနှိုးဆော်နေမှုအခြေအနေနှင့်စပ်လျဉ်း၍ အင်္ဂပူမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က “ဖြစ်စဉ်ဖြစ်တဲ့ မမြဆည်က မြန်အောင်မြို့နယ်အပိုင်ထဲမှာ ရှိပါတယ်။ တကယ်လို့ မမြချောင်းကနေ ရေဆင်းလာမယ်ဆိုရင်တော့ ကျွန်တော်တို့ အင်္ဂပူမြို့နယ်ထဲကို ရောက်နိုင်တာပေါ့။ နှိုးဆော်မှုတွေ လိုက်လုပ်ထားပါတယ်။ ရေဝင်ရောက်လာခဲ့ရင် ကြိုတင်ပြောင်းနိုင်ဖို့အတွက် နှိုးဆော်ထားပါတယ်။ အခုအခြေအနေကတော့ ရေဝိတ်ကို လျှော့နေပြီလို့ သိရပါတယ်”ဟု ပြောကြားသည်။

ဖြစ်စဉ်အခြေအနေနှင့် စီမံဆောင်ရွက်ထားမှုအခြေအနေများအား သိရှိနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် မေးမြန်းခွင့်မရခဲ့ပါ။

မူရင်းသတင်း — Eleven Media Group