Eleven Media Group

အစိုးရဌာနဆိုင်ရာကွန်ရက်များ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကဒီဂျစ်တယ်ငွေပေးချေမှုစနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့သူ တစ်ဦးကို ဖမ်းဆီး

အစိုးရဌာနဆိုင်ရာကွန်ရက်များ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကဒီဂျစ်တယ်ငွေပေးချေမှုစနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

e-Government စနစ်အား ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သတင်းအချက်အလက်များ၊ ဆိုက်ဘာအရင်းအမြစ်များနှင့် အရေးကြီးသတင်း အချက်အလက်ဆိုင်ရာ အခြေခံလုပ်ငန်းများကို ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ထုတ်ဖော်ရေးသားမှု၊ ပေးပို့ဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိသည့် ဆိုက်ဘာရာဇဝတ်မှု ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်၍ ဆိုက်ဘာလုံခြုံရေးဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်အတွင်း အစိုးရဌာနဆိုင်ရာကွန်ရက်များ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကဒီဂျစ်တယ်ငွေပေးချေမှုစနစ်အချို့တို့သည် ဆိုက်ဘာတိုက်ခိုက်မှုများခံခဲ့ရပြီး ဝန်ဆောင်မှုသုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား ဆိုက်ဘာတိုက်ခိုက်သူများမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ Online မှတစ်ဆင့် ဖြန့်ဝေ၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသဖြင့် စိစစ်ဖော်ထုတ်၍ ဖမ်းဆီးအရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ ကျူးလွန်ခဲ့သူ ဝေဖြိုးအောင် (ခ) အောင်မျိုးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်ခဲ့သူ တရားခံ ဝေဖြိုးအောင် (ခ) အောင်မျိုးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လပထမပတ်ခန့်တွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကောလိပ်တစ်ခုမှ ကျောင်းသားများ၏ Account များမှ အချက်အလက်များနှင့် မြန်မာနိုင်ငံအခြေစိုက် အလုပ်အကိုင်ရှာဖွေရေး Website တစ်ခုမှ အချက်အလက်များအားလည်းကောင်း၊ ဇွန်လဒုတိယပတ်ခန့်တွင် မြန်မာနိုင်ငံအခြေစိုက် ပြည်ပတက္ကသိုလ်တစ်ခုမှ ကျောင်းသားများ၏ အချက်အလက်များအားလည်းကောင်း၊ ဇူလိုင်လဒုတိယပတ်ခန့်တွင် မော်တော်ယာဉ်ငှားရမ်းခြင်း အကျိုးဆောင်လုပ်ငန်း Website တစ်ခုမှ အချက်အလက်များအားလည်းကောင်း၊ ဩဂုတ်လဒုတိယပတ်ခန့်တွင် Telecom Website တစ်ခုမှ အချက်အလက်များနှင့် ပုဂ္ဂလိကဒီဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခု၏ Website မှ အချက်အလက်များအားလည်းကောင်း၊ စက်တင်ဘာလ ပထမပတ်ခန့်တွင် အစိုးရ၏ Online ဝန်ဆောင်မှု Website တစ်ခုမှ အချက်အလက်များအားလည်းကောင်း ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်၍ အချက်အလက်များအား တရားမဝင်ရယူကာ ၎င်းအချက်အလက်များအား ပြန်လည်ရယူစေရန် ခြိမ်းခြောက်၍ ငွေကြေးတောင်းခံရယူခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား Online မှတစ်ဆင့် ဖြန့်ဝေခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည်ဟု စိစစ်တွေ့ရှိရကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိရာ ထိုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား တရားမဝင်ရယူခြင်း၊ ပြန်လည်ရယူစေရန် ငွေကြေးများ ခြိမ်းခြောက်တောင်းခံခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား Online မှတစ်ဆင့် ဖြန့်ဝေ၍ ခြိမ်းခြောက်ခြင်းများသည် နိုင်ငံတော်အစိုးရ၏ e-Government စနစ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မှုများနှင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအား များစွာသက်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ဝေဖြိုးအောင် (ခ) အောင်မျိုးအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ e-Government စနစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏သတင်းအချက်အလက် အခြေခံအဆောက်အအုံများ၊ ပုဂ္ဂလိက Online ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိက ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းနှင့် e-Government စနစ်တွင်ပါဝင်သည့် Online ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဆိုက်ဘာတိုက်ခိုက်ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သတင်းအချက်အလက်များအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်၍ ခိုးယူခြင်း၊ ၎င်းအချက်အလက်များအား ငွေကြေးများဖြင့် ပြန်လည်ရယူစေရန် ခြိမ်းခြောက်တောင်းခံခြင်း၊ တရားမဝင် ခိုးယူရရှိထားသည့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား Online မှတစ်ဆင့် ဖြန့်ဝေ၍ ခြိမ်းခြောက်သူများကိုလည်း ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group