
PDF အဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို အောက်တိုဘာ ၉ ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် AK-47 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၃လက်၊ ပစ္စတိုသေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၅လုံး၊ စကားပြောစက် ၅လုံးတို့အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် ၁ လက်အတွက် ငွေကျပ် သိန်း ၅၀၊ လက်လုပ်သေနတ် ၃လက်အတွက် ငွေကျပ်သိန်း ၉၀၊ ပစ္စတိုသေနတ် ၁လက်အတွက် ငွေကျပ် သိန်း၂၀၊ ခြောက်လုံးပြူးသေနတ် ၁လက်အတွက် ငွေကျပ် သိန်း၂၀၊ လက်ပစ်ဗုံး ၅လုံးအတွက် ငွေကျပ် ၁၅သိန်း၊ စကားပြောစက် ၅ လုံးအတွက် ငွေကျပ် ၁၀ သိန်း၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၁၀ဦးအတွက် ၁ဦးလျှင် ၅၀၀၀၀ကျပ်နှုန်းဖြင့် ငွေကျပ် ၅သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း ၂၁၀ နှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက် လာကြသူများက လက်ခံရယူကြကြောင်း၊ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှအမျိုးသား ၁ဦး၊ အင်းစိန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှအမျိုးသား ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှအမျိုးသား ၁ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ဘီးလင်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ သထုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။