Eleven Media Group

နေပြည်တော်ကို ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်အပါအဝင် သက်ဆိုင်ရာ ခရိုင် ခုနစ်ခုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရန်လိုအပ်ဟုဆို

နေပြည်တော်ကို ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်အပါအဝင် သက်ဆိုင်ရာ ခရိုင် ခုနစ်ခုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီ (၁/၂၀၂၆) အစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့်အညီ နေပြည်တော်ကို ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်အပါအဝင် သက်ဆိုင်ရာ ခရိုင် ၇ ခုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ထို့ပြင် နေပြည်တော်အား Green City, Clean City, Smart City ဖြစ်လာစေရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှုများတွင် စံပြဒေသဖြစ်လာစေရန်၊ ကျေးလက်ဖွံ့ဖြိုးရေးမူ ၅ ချက်နှင့်အညီ ကျေးရွာများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် မြေယာများကို အကျိုးရှိစွာအသုံးချရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံသည့် Agro-based Industry နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရမည်းသင်းခရိုင်တွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှုတိုးချဲ့ရေး၊ မိတ္ထီလာခရိုင်တွင် ဝါအခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး၊ တောင်ငူခရိုင်တွင် ဒေသနှင့်ကိုက်ညီသော ဘဲမွေးမြူရေးလုပ်ငန်းများ ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ အသား၊ ဥနှင့် နို့ထွက်ပစ္စည်းများ ပြည်တွင်းဖူလုံရေး၊ မွေးမြူရေးသွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များ၊ မြေဩဇာနှင့်ရေကို စနစ်တကျအသုံးပြုရေး၊ မျိုးစေ့ထုတ်လုပ်ရေးနှင့် အကျိုးတူလယ်ယာစနစ်များကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မိတ္ထီလာနှင့် ရမည်းသင်းခရိုင်များတွင် နွေရာသီရေရှားပါးမှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံခြင်း၊ ဆည်နှင့်တာတမံများမှရေကို အကျိုးရှိစွာအသုံးချခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်နှင့် မြို့နယ်များတွင် စနစ်ကျသော Town Plan များ ရေးဆွဲ အကောင်အထည်ဖော်ပြီး အများပြည်သူအပန်းဖြေနိုင်သည့် ပန်းခြံများ၊ စိမ်းလန်းစိုပြည်ရေးဇုန်များ တိုးချဲ့ခြင်း၊ သစ်တောနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စွန့်ပစ်ရေများကို စနစ်တကျသန့်စင် ပြန်လည်အသုံးပြုခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍသည် အရေးပါ သည့်အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရေးတို့အတွက် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ အယ်လ်နီညိုရာသီဥတုကြောင့်ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်၊ ရေရှားပါးမှုနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခက်အခဲများကို ကြိုတင်ကာကွယ်နိုင်ရန် သောက်သုံးရေနှင့် စိုက်ပျိုးရေများကို ချွေတာသုံးစွဲခြင်း၊ ရေသိုလှောင်စုဆောင်းခြင်း၊ စားရေရိက္ခာများ ကြိုတင်ပြင်ဆင်ထားရှိခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မပြတ်တောက်စေရေး စီမံဆောင်ရွက်ခြင်းတို့ကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအလိုက် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ခရိုင် ၇ ခုလုံးတွင် ဒေသ၏ အားသာချက်များကိုအခြေခံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှုတိုးတက်ရေး၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးတို့ကို ဦးတည်ပြီး သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းကော်မတီများနှင့် ဒေသခံပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဦးစီးကော်မတီအတွင်းရေးမှူး နေပြည်တော်ကောင်စီဝင်က စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် သာမန် ဖွံ့ဖြိုးမှုမဟုတ်ဘဲ အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အမှန်တကယ်အကောင်အထည်ပေါ်လာစေရန် ဦးစားပေးနယ်မြေများကို စနစ်တကျသတ်မှတ်ရန်နှင့် ဈေးကွက်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေး သွားမည့်အခြေအနေ၊ ကိန်းဂဏန်းများမှန်ကန်စေရေးနှင့် မြေပြင်တွင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပံ့ပိုးပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒေသအလိုက်အားသာသည့် ထုတ်ကုန်များ တိုးတက်အောင်ဆောင်ရွက်သွားရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့် အခြေအနေ၊ နေပြည်တော်ကိုဗဟိုပြု၍ ကုန်စည်၊ စုဆောင်း၊ ဖြန့်ဖြူး၊ သယ်ယူပို့ဆောင်ရေးနှင့် စီးပွား ရေးဝန်ဆောင်မှုဗဟိုအဖြစ် အကောင်အထည်ဖော်သွားနိုင်မည့်အခြေအနေ၊ ကျေးလက်ဝင်ငွေတိုးတက်ရေးနှင့် စံနမူနာပြကျေးရွာများထူထောင်၍ ဒေသတွင်း ဈေးကွက်တည်ငြိမ်ရေး ဆောင်ရွက်သွားမည့်အခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူအဖွဲ့အစည်းများပူးပေါင်း၍ ရေရှည်တည်တံ့သော အထူးဒေသကြီး ဖြစ်လာစေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြကြောင်း သိရသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဆိုင်ရာများ Green , Clean , Smart City ဖြစ်စေရေး ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ ဇေယျာသီရိခရိုင်၊ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်၊ ဥတ္တရသီရိခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group