Eleven Media Group

■ မမြရေလှောင်တမံ၌ ဖြစ်ပွားသည့်အခြေအနေနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သတင်းထုတ်ပြန်ခဲ့ပြီး ရေထုတ်လွှတ်မှုကြောင့် ဆည်ရေဝင်ရောက်နိုင်သည့် ကျေးရွာအချို့မှ လူ ၉၀၀ ခန့်အား ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေ

မမြရေလှောင်တမံ၌ ဖြစ်ပွားသည့်အခြေအနေနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ရေထုတ်လွှတ်မှုကြောင့် ဆည်ရေဝင်ရောက်နိုင်သည့် ကျေးရွာအချို့မှ လူ ၉၀၀ ခန့်အား ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မမြရေလှောင်တမံ အခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း၌ ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီအချိန်တွင် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေတိုင်အကြား အလျား ၈၀ ပေခန့်၊ ပျမ်းမျှအကျယ် ၁ လက်မခန့်၊ ပျမ်းမျှအနက် ၆ လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အဆိုပါပေတိုင်အတွင်း တမံဆင်ခြေလျှော အလျား ၁၀၀ ပေခန့်၊ အနက် ၆ လက်မခန့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ တမံထိပ် အပြင်အက်ကြောင်းအား သဲဖြည့်ခြင်း၊ ရေစိမ့်ဝင်ခြင်းမရှိစေရန် ပလတ်စတစ်ဖြင့် အုပ်မိုးကာကွယ်ခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၉) ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ အောက်တိုဘာ ၉ ရက် ည ၉နာရီအချိန်တွင် အဆိုပါတာတမံထိပ် မျက်နှာပြင်ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁ဝပေခန့် တမံဆင်ခြေလျှော လျှောချမှု ထပ်မံဖြစ်ပွားခဲ့ပြီး မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ ပေခန့် နိမ့်ကျခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား သိုလှောင်ထိန်းသိမ်းထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏ အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့်ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ ယနေ့ (အောက်တိုဘာ ၁၀ ရက်) နံနက် ၇ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရောက်ရှိခဲ့ပြီး တမံလျှောအိကျသည့်နေရာအား ကြည့်ရှုစစ်ဆေးကာ ကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် တာတမံ တာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ လူဦးရေ ၉၀၀ ဦးခန့်အား ရေလွတ်ရာ ကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေမှုများကို ကြီးကြပ်ကွက်ကဲ ဆောင်ရွက်လျက်ရှိပြီး ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကာ စက်ယန္တရားများ အသုံးပြု၍ တာအခြေထောက်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ အသိပေးထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

မူရင်းသတင်း — Eleven Media Group