
တပ်မတော်က နိုင်ငံတော်အာဏာကိုရယူခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်များက ပြည်ပခရီးစဉ်များကို သွားရောက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အကြီးအကဲတာဝန်များကို ထမ်းဆောင်ခဲ့သူများ အနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် အစိုးရတာဝန်များဖြင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၀ ကာလအထိ ပြည်ပနိုင်ငံခရီးစဉ်အဖြစ် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့သွားရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သွားရောက်ခဲ့သည့် ပြည်ပနိုင်ငံခရီးစဉ်များမှာ အိမ်နီးချင်း တရုတ်နိုင်ငံ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် လာအို၊ ဗီယက်နမ်၊ အင်ဒိုးနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ကာ မှတ်တမ်းများအရ စင်ကာပူနိုင်ငံသို့လည်း သွား ရောက်ထားသော်လည်း အဆိုပါခရီးစဉ်သည် ဆေးကုသမှုခံယူရန်ဖြစ်ကြောင်း သိရသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာပြီးနောက်ပိုင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး အသစ်ထွက်ပေါ်လာသည့် အစိုးရသစ်ဖြစ်သည့် ၂၀၁၁-၂၀၁၆ ခုနှစ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဦးသိန်းစိန်သည် သမ္မတတာဝန်ဖြင့် အာရှ၊ အမေရိကန်၊ ဥရောပ စသည့်ဒေသများမှ နိုင်ငံပေါင်း ၂၈ နိုင်ငံသို့သွားရောက်ထားကြောင်း မှတ်တမ်းများအရ သိရသည်။
သမ္မတဦးသိန်းစိန်သည် သမ္မတတာဝန်မထမ်းဆောင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်အား ဗိုလ်ချုပ်ကြီးရာထူးဖြင့်ထမ်းဆောင်စဉ်က ပြည်ပ နိုင်ငံအချို့သို့လည်း ခရီးစဉ်များသွားရောက်ထားသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်သည် တပ်မတော်အစိုးရလက်ထက်မှ ရွေးကောက်ပွဲဖြင့်ပေါ် ပေါက်လာသည့် အစိုးရလက်ထက်သို့ ကူးပြောင်းသည့်ကာလ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သတင်းမီဒီယာ ကဏ္ဍစသည့် ကဏ္ဍအသီးသီးကို ဖြေလျော့မှုများပြုလုပ်ပြီး ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်အဖြစ် ဖော် ဆောင်သည့်ကာလ အခြေအနေများဖြစ်သောကြောင့် နိုင်ငံတကာအနေဖြင့် ဝိုင်းဝန်းကြိုဆိုကာ ထိတွေ့ဆက် ဆံမှုများပြုလုပ်ခဲ့သဖြင့် သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာခရီးစဉ်အများအပြား သွားရောက်ခဲ့ရခြင်းလည်းဖြစ် သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း ကိုးနိုင်ငံ၊ အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ မွန်ဂိုလီးယားတို့သွားရောက်ခဲ့ပြီး သြစတြေးလျ၊ နယူးဇီလန်နိုင်ငံ တို့အပြင် ဥရောပနိုင်ငံများဖြစ်သည့် ယူကေ(ဗြိတိန်)၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ အီတလီသို့ သွားရောက်ခဲ့သည်။
အထင်ရှားဆုံးခရီးစဉ်နှင့် သမိုင်းဝင်ခရီးစဉ်အဖြစ် သမ္မတဦးသိန်းစိန်၏ အမေရိကန်သို့ သွားရောက် ခဲ့သည့်ခရီးစဉ်ဖြစ်ပြီး သမ္မတဦးသိန်းစိန်သည် အမေရိကန်သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် နယူးယောက်မြို့ တွင်ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတက်ရောက်ရန်နှင့် ၂၀၁၃ ခုနှစ် မေလတွင် အမေရိကန်သမ္မတ အိုဘားမား၏ဖိတ်ကြားချက်အရ အိမ်ဖြူတော်သို့သွားရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်သည် နှစ်ပေါင်း ၅၀ နီးပါးကာလ အတွင်း မြန်မာနိုင်ငံနိုင်ငံမှ ခေါင်းဆောင်တစ်ဦး အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ပြန်လည် ဖိတ်ကြားခံရခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအနိုင်ရရှိပြီးထွက်ပေါ်လာသည့် NLD အစိုးရလက်ထက် ၂၀၁၆-၂၀၂၁ ခုနှစ်ကာလ ခေါင်းဆောင်များတွင် နိုင်ငံတော်သမ္မတဦးထင်ကျော် လက်ထက် ၌ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် စုစုပေါင်း ခြောက်နိုင်ငံသို့သွားရောက်ထားကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။
အလားတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်လက်ထက်တွင် စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိနိုင်ငံ စုစုပေါင်း သုံးနိုင်ငံသို့သွားရောက်ထားပြီး NLD အစိုးရလက်ထက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံသို့သွားရောက်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်မထမ်းဆောင်မီကာလကလည်း ပြည်ပခရီးအချို့ကို သွားရောက်ခဲ့ပြီး အစိုးရတာဝန်ထမ်းဆောင်စဉ် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘေားဒီးယား၊ လာအို၊ နီပေါ၊ ယူကေ(ဗြိတိန်)၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ချက်၊ ဟန်ဂေရီ၊ အမေရိ ကန်၊ နယ်သာလန်နိုင်ငံသို့သွားရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များတွင် အီတလီနှင့်တစ်ဆက်စပ်တည်း ဖြစ်နေသည့် ဘာတီကန်(Vatican City)သို့လည်းသွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံခဲ့ သည်။
ဗြိတိန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ဘုရင်မကြီး၊ ထိုစဉ်ကအိမ်ရှေ့မင်းသား ချားလ်စ်(လက်ရှိဗြိတိန်ဘုရင်ကြီး)တို့နှင့်လည်း တွေ့ဆုံခဲ့ကာ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတ အိုးဘားမားနှင့်တွေ့ဆုံမှုရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များအနက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် သွားရောက်ခဲ့သည့် နယ်သာလန်နိုင်ငံခရီးစဉ်သည် ချစ်ကြည်ရေးခရီးစဉ်မဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တရားစွဲဆိုထားမှုအား သွားရောက်တရားရင်ဆိုင်ခဲ့သည့် ခရီးစဉ်ဖြစ်ပြီး ယင်းခရီးစဉ်သည်လည်း ထင်ရှားသည့်ခရီးစဉ်ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်ပြီးနောက် ၂၀၂၁ - ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတော်အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်(ငြိမ်း) (လက်ရှိနိုင်ငံတော်သမ္မတ)သည် အဆိုပါကာလများအတွင်းက အင်ဒိုနီးရှား၊ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နိုင်ငံစသည့် လေးနိုင်ငံသို့သွားရောက်ထားသည်။
ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်စဉ်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်(လက်ရှိနိုင်ငံတော်သမ္မတ)သည် ရုရှားနိုင်ငံသို့ မကြာခဏသွားရောက်လေ့ရှိပြီး ၂၀၂၁-၂၀၂၆ ခုနှစ်အတွင်း အစိုးရတာဝန်ဖြင့် ရုရှားနိုင်ငံသို့သွားရောက်ရာတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆွေး နွေးမှုများရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(လက်ရှိနိုင်ငံတော်သမ္မတ)သည် ၂၀၂၁-၂၀၂၆ ခုနှစ်အတွင်း သွားရောက်ခဲ့သည့်နိုင်ငံမှာ လေးနိုင်ငံသာဖြစ်သော်လည်း ၎င်းသွားရောက်ခဲ့သည့် နိုင်ငံများအတွင်း အခြားသောနိုင်ငံခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံမှုများရှိခဲ့ပြီး ယာယီသမ္မတတာဝန်ဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားသို့တက်ရောက်ခဲ့သည့်ခရီးစဉ်တွင် ယင်းအခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်အချို့နှင့်အလွတ်သဘောတွေ့ဆုံခဲ့ရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လက်ရှိနိုင်ငံတော် သမ္မတ) နှင့် မြောက်ကိုးရီယားခေါင်းဆောင် ကင်ဂျုံအန်းတို့တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းသည်လည်း လူအများစိတ်ဝင်စားမှုရှိခဲ့သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာသည့် လွှတ်တော်မှရွေးချယ်တင် မြှောက်ခဲ့ သည့် အစိုးရအဖွဲ့အား ဦးဆောင်နေသော လက်ရှိနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် သမ္မတတာဝန် ထမ်းဆောင်ချိန်မှစ၍ ခြောက်လအတွင်း နိုင်ငံကိုးနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘေားဒီယား၊ မလေးရှားနိုင်ငံများသို့ တရားဝင် ခရီးစဉ်(State Visit)အဖြစ် သွားရောက်ထားသည်။
အဆိုပါခရီးစဉ်များအနက် ဦးမင်းအောင်လှိုင် သမ္မတတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး သွားရောက်ခဲ့သည့် အိန္ဒိယခရီးစဉ်၊ ၂၀၂၆ ခုနှစ် ဇွန်လလယ်က သွားရောက်ခဲ့သည့် တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်၊ ယခုလဆန်းတွင် သွားရောက်ခဲ့သည့် မလေးရှားနိုင်ငံခရီးစဉ်တို့သည် လူအများစိတ်ဝင်စားခဲ့သည့် ခရီးစဉ်များဖြစ်ပြီး နိုင်ငံရေးအရ အရေးပါမှုများလည်းရှိခဲ့သည်။
သမ္မတဦးမင်းအောင်လှိုင်သည် ယခင်အစိုးရတာဝန်ထမ်းဆောင်သည့် ငါးနှစ်အတွင်းကာလကိုပါ ထည့်သွင်းတွက်ချက်ပါက ၎င်းသွားရောက်ထားသည့် ပြည်ပခရီးစဉ်မှာ ၁၁ နိုင်ငံရှိပြီဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံခေါင်းဆောင် များတွင် အစိုးရတာဝန်ဖြင့် အများပြည်ပခရီးစဉ်သွားရောက်ထားသူမှာ သမ္မတဦးသိန်းစိန်(ငြိမ်း)ဖြစ်သည်။
သို့သော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား နိုင်ငံ့ခေါင်းဆောင်အချို့က ဖိတ်ကြားထားမှု များရှိနေရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များမှာ ထပ်မံတိုးမြင့်လာမည့် အခြေအနေတွင်လည်း ရှိနေသည်။