Eleven Media Group

■ မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World's Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World's Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World's Best Rice Award) ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။

ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာရှိသော ဆုတံဆိပ်ကို ရရှိခြင်းသည် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆိုသည့် စကားရပ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့် ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားဂုဏ်ယူမှုကိုလည်း မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

အဆိုပါအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူ လယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်ကြသူများ၏ ဇွဲလုံ့လအသီးအပွင့်လည်းဖြစ်ကြောင်း၊ မြန်မာ့ဆန်၏ အရည်အသွေးကို ပိုမိုမြှင့်တင်ခြင်း၊ နိုင်ငံတကာဈေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်ခြင်းနှင့် တန်ဖိုးမြှင့် ဆန်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေးတို့ကို ပိုမိုအထောက်အကူ နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယခုကဲ့သို့ ဂုဏ်ယူဖွယ်ရာအောင်မြင်မှုကို ဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ဆန်စပါးကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးချီးကျူးဂုဏ်ပြုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

မြန်မာ့ပေါ်ဆန်းဆန်၏ ကမ္ဘာ့အဆင့်မီ ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းမြှင့်တင်နိုင်ကြပြီး မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုနေရာရရှိကာ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အထောက်အကူပြုနိုင်ကြပါစေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group