
စူပါအယ်နီညို ဖြစ်ပေါ်မည်ဟု ကြေညာချက်များ ထွက်လာသည့်အချိန်တွင် ဆိုလာဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်နေပြီး အချို့နေ့ရက်များတွင် မနက်ဈေးနှုန်းနှင့် ညနေဈေးနှုန်းပါမတူဘဲ ဈေးနှုန်းပြောင်းလဲနေကြောင်း ဆိုလာဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာလုံးဆိုင်ရာ စူပါအယ်နီညိုရာသီဥတုဖြစ်ပွားမည်ဟု မိုးလေဝသကြေညာချက်များ ထွက်ပေါ်လာ ချိန်တွင် လျှပ်စစ်မီးကို အလှည့်ကျပေးမည်ဆိုသည့်အချက်များကြောင့်မြန်မာနိုင်ငံ၌ ဆိုလာများကို ဝယ်ယူမှုနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အခုက စံချိန်ချိုးကို ဈေးတက်နေတာလို့ ဆိုရမယ်။ အရင်တုန်းက ၂၀၂၂၊ ၂၀၂၃ တုန်းက Jinko 400 W တွေကို သုံးသိန်းကျော်၊ သုံးသိန်းဝန်းကျင်လောက်မှာရှိတယ်။ အခု ဈေးကွက်ထဲမှာ လူကြိုက်များတဲ့ 620 W Jinko တွေဆိုရင် တစ်ချပ်ကို ရှစ်သိန်းကျော်၊ ကိုးသိန်းလောက်အထိကို ဈေးပေါက်နေတယ်” ဟု ဆိုလာအရောင်းဆိုင်တစ်ခုက ပြောကြားသည်။
ဈေးနှုန်းများအရ ပြီးခဲ့သည့် သြဂုတ်လ လဆန်းပိုင်းက မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အမှတ် တံဆိပ်ဖြစ်သည့် Jinko ဆိုလာတစ်ချပ်လျှင် ကျပ် ငါးသိန်းခွဲသာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ကိုးသိန်းနီးပါး အထိ ရှိလာကြောင်း၊ ဘက်ထရီဈေးနှုန်းများမှာလည်း ကျပ် ၇၂ သိန်းတန် ဘက်ထရီဆိုလျှင် နှစ်ရက်အတွင်း ကျပ် ၉၂ သိန်းအထိ မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ ဒီနေ့ ဆိုလာလောကကြီးက ကြောက်ရောင်းကြောက်ဝယ်လောကကြီးဖြစ်သွားပြီ။ ဘာလို့ ကြောက်ရောင်းကြောက်ဝယ်လောကကြီးလို့ ပြောရလဲဆိုတော့ မနက်မှာ တစ်ဈေး၊ ညမှာတစ်ဈေး၊ ဒီနေ့တစ်ဈေး၊ နောက်နေ့တစ်ဈေး။ ဈေးတွေက အမျိုးမျိုးပြောင်းနေတယ်။ ကျွန်တော်တို့ ရောင်းနေတဲ့ သူတွေမှာလည်း ဘက်ထရီတစ်လုံးရောင်းလို့ နှစ်သိန်းမြတ်တယ်ဆိုရင် ပြန်ဝယ်ရမယ့်အချိန်မှာက နောက်ထပ် သုံးသိန်းလောက်ထပ်စိုက်ရမယ်။ ဒါမျိုးဖြစ်နေတယ်။ ဘက်ထရီတစ်လုံးကို သုံးသိန်းစိုက်ရ တယ်ဆို ဆယ်လုံးဆို သိန်း ၃၀ စိုက်ရပြီ။ ကျွန်တော်တို့က မြတ်လားဆိုရင် မြတ်တယ်။ မင်းအမြတ်ပြပါဆိုရင် မပြနိုင် တဲ့အပြင် ထပ်ထပ်စိုက်ပြီး ထပ်ဝယ်ရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ရောင်းတဲ့သူတွေကလည်း ကြောက် လာတယ်။ သုံးစွဲသူတွေအနေနဲ့လည်း ဈေးက တစ်ရက်ပြီး တစ်ရက်မှာ တက်နေတဲ့အတွက်ကြောင့် ထပ်တက်မှာကို ကြောက်လာတယ်။ ရောက်တဲ့နေရာကနေ ငါဝယ်လိုက်တော့မယ်ဆိုပြီးတော့ ကြောက်ဝယ် ဝယ်လာတာတွေ ဖြစ်လာတယ်” ဟု ဆိုလာတပ်ဆင်ရောင်းချသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာ TikTok တွင် ပြောကြားသည်။
လက်ရှိဈေးကွက်တွင်လည်း ဆိုလာပစ္စည်းများမှာ ပစ္စည်းပြတ်လုနီးပါးဖြစ်နေသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း အတက်သာရှိနေသဖြင့် quotation တွက်ချက်ပေးရာတွင် တစ်ရက် အတွက်သာ အာမခံနိုင်သဖြင့် နောက်ရက်များတွင် ထပ်မံတွက်ချက်ပေးရကြောင်း ဆိုလာဈေးကွက်အတွင်းက သိရသည်။
“အခြေအနေအရ ဈေးအပြောင်းအလဲများနေပါသဖြင့် quotation တွက်ပေးထားသည့် ဈေးများကို တစ်ရက်သာ အာမခံနိုင်ပြီး နောက်ရက်တွင် ပြန်မေးပါက update ပြန်တွက်ပေးရမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်” ဟု NEC Solar က လူမှုကွန်ရက်တွင် အသိပေးထားသည်။
ဆိုလာပစ္စည်းဈေးနှုန်းများမှာ လက်ရှိတွင် စံချိန်တင် မြင့်တက်နေသည်ဟု ဆိုရမည်ဖြစ်ပြီး နာမည်ကြီး အမှတ်တံဆိပ်များမှာလည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများရှိနေသည်ဟု သိရသည်။
ဈေးကွက်အတွင်း လူကြိုက်များသည့်အမှတ်တံဆိပ် ဆိုလာပစ္စည်း ပြတ်လုနီးပါးဖြစ်နေသည့် အချိန် တွင် အရည်အသွေးနိမ့်သည့် အမှတ်တံဆိပ်များမှာ ဈေးကွက်အတွင်း နေရာယူလာသဖြင့် သုံးစွဲသူများအနေ ဖြင့် သတိထားသုံးစွဲသင့်သည်ဟု ဆိုလာပစ္စည်းရောင်းချသူများက သတိပေးထားသည်။
“ဈေးကွက်ထဲမှာ အမျိုးအစားကောင်းပြီး၊ အာမခံမှုလဲရှိ၊ တာဝန်ယူမှုလဲရှိ၊ spare parts လဲပေါ၊ service လဲကောင်းတဲ့ inverter, battery, power station တွေ အကုန်လုံးလိုလို ပစ္စည်းတွေ နည်းလာပြီး၊ တချို့တွေဆို ပစ္စည်းလုံးဝ ကုန်သွားပြီဖြစ်ပါတယ်။ အခုချိန်မှာ အရည်အသွေး အားနည်း တဲ့တာတွေ၊ အာမခံပေးပြီး တာဝန်မယူတဲ့ဟာတွေ၊ ဘယ်တိုင်းပြည်ကမှ မသုံးတဲ့ဟာတွေ၊ တံဆိပ်ရိုက် တွေ၊ Google မှာ ရှာမရတဲ့ တံဆိပ်တွေ၊ အနှစ်နှစ်ကာလ ရောင်းမထွက်တဲ့ ပစ္စည်းအစုတ်အပြတ် တွေ၊ လူတောမတိုးခဲ့တဲ့ brand တွေ ကတော့ အခုချိန်မှာ ဖောဖောသီသီနဲ့ ပေါ်ထွက်လာတာကို တွေ့မြင်ရပါတယ်။ သုံးစွဲသူ မိဘပြည်သူတွေ အနေနဲ့ အထက်ပါအချက်တွေကို ဆင်ခြင်ပြီးတော့ သတိထားဝယ်ယူကြပါလို့ ပြောချင်ပါတယ်” ဟု Power Station Myanmar က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဆိုလာဈေးကွက်အတွင်း ယင်းသို့ ကုန်အမှတ်တံဆိပ်အချို့ ပစ္စည်းပြတ်ခြင်း၊ ဈေးနှုန်းများ မြင့်တက် လာခြင်းမှာ အယ်နီညိုဖြစ်စဉ်ကြောင့် လျှပ်စစ်မီးအလှည့်ကျပေးမည့်အစီအစဉ်များ ကြေညာထားရာ လျှပ်စစ် မီးအတွက် ဆိုလာများကို အလုအယက်ဝယ်ယူလာခြင်း၊ ဆိုလာပစ္စည်းများ တင်သွင်းရာတွင် ကြန့်ကြာမှုများ ရှိနေခြင်း၊ မူရင်းတရုတ်နိုင်ငံစက်ရုံများတွင်လည်း ဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် ယခုရက်ပိုင်းအတွင်း တရုတ်ငွေဈေးများ မြင့်တက်လာခြင်းများကြောင့် ဖြစ်နိုင်သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“ ပစ္စည်းက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူးဖြစ်နေတယ်။ ပစ္စည်းက လိုချင်သလောက် မရဘူးဖြစ် နေတယ်။ ဈေးကွက်ထဲမှာတော့ ရောင်းတဲ့သူတွေက ရောင်းရှုံးပုံစံမျိုးဖြစ်နေတော့ ထိန်းရောင်းနေရတယ်” ဟု ဆိုလာရောင်းချသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ဆိုလာဈေးကွက်တွင် Jinko အမှတ်တံဆိပ်မှာ ဈေးအကြီးဆုံးဖြစ်ပြီး တစ်ချပ်လျှင် ကျပ် ရှစ်သိန်းကျော်မှ ကိုးသိန်းအထိရှိကာ အခြားသော အမှတ်တံဆိပ်များမှာလည်း ဈေးနှုန်းများ သိသိသာသာမြင့် တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။