
မြန်မာနိုင်ငံတွင်လည်း လူသုံးများသည့် အလှကုန်ပစ္စည်းအတုများ ထိုင်းနိုင်ငံရှိ ဂိုဒေါင်တစ်ခုအတွင်း ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံဘက်မှ သတင်းများအရ သိရသည်။
အလှကုန်ပစ္စည်း အတုများမှာ Vaseline အမှတ်တံဆိပ် အသားလှခရင်မ်၊ Clear အမှတ်တံဆိပ် ခေါင်းလျှော်ရည်နှင့် Garnier အသားလှခရင်မ် အစရှိသည်တို့ဖြစ်သည်။
အောက်တိုဘာ ၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ဘန်ကောက်မြို့အနီး နဒီးခရိုင်ခွဲ၊ ဘန်ပလာလမ်းပေါ်ရှိ ဂိုဒေါင် နှစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာမှ အလုကုန်ပစ္စည်းအတုအများအပြားကို တွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
ယင်းအလှကုန်အတုများကို တရုတ်နိုင်ငံသား ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြန်မာလုပ်သမား သုံးဦးနှင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမပြနိုင်သူ နှစ်ဦး စုစုပေါင်း သုံးဦး ကိုပါဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အဆိုပါ အလှကုန်များကို ထိုင်းနိုင်ငံ၏ အွန်လိုင်းပလက်ဖောင်းများဖြစ်သည့် Lazada၊ Shopee နှင့် TikTok များတွင် စျေးပေါပေါဖြင့် ရောင်းချနေခြင်း ဖြစ်ကြောင်း၊ အာဏာပိုင်များ ဝင်ရောက်စီးနင်းသည့် အချိန်တွင် ဖောက်သည်များက မှာယူသည့် ပစ္စည်းများကို ထုပ်ပိုးနေချိန်ဖြစ်ကြောင်း သိရသည်။
ဖမ်းမိသည့် တရုတ်နိုင်ငံသားကို ကုန်ပစ္စည်းအတုအပပြုလုပ်မှုဖြင့် အရေးယူမည်ဖြစ်ပြီး အခြားသူများကို တရားမဝင်အလုပ်လုပ်ကိုင်မှု၊ အလုပ်ရှင် အပြောင်းအလဲဖြစ်သည်ကို အကြောင်းမကြားဘဲ ပျက်ကွက်မှုတို့ဖြင့် အရေးယူမည်ဟု သိရသည်။
အဆိုပါ အလှကုန်ပစ္စည်းအတုများတွင် တားမြစ်ထားသည့်ဓာတုပစ္စည်းများ ပါဝင်နိုင်သဖြင့် ဝယ်ယူ အသုံးပြုရာတွင် သတိပြုရန် ထိုင်းအာဏာပိုင်များက သတိပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံတွင် အသုံးများသည့် ကလေးအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သော Pigeon တံဆိပ် ကလေးနို့ဘူးနှင့် နို့သီးခေါင်းအတုများ ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု Thai Enquirer က သတင်းဖော်ပြသည်။