Myanmar National Post

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံဆင်ခြေလျှော နိမ့်ကျမှုအား ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိ







ပုသိမ်၊ အောက်တိုဘာ ၁၁

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် ယမန်နေ့ည ၉နာရီအချိန်ခန့်မှ စတင်၍  တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောကျမှုဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၄ နာရီအချိန်၌ အဆိုပါဖြစ်စဉ်နေရာတွင် နိမ့်မြင့်မှတ် ၃၃၀ပေမှ မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ရာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တမံဆင်ခြေလျှော လျှောအိကျသည့် နေရာနှင့် အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းစေရေး ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ကာကွယ်ရေး လုပ်ငန်းစဉ်ဖြစ်သည့် တာတမံတာအခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေ ဝင်ရောက်နိုင်သည့် စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတို့ရှိ ပြည်သူများအား ရေလွတ်ရာ ကုန်းမြင့်ဒေသများသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေမှုများကို ကြီးကြပ် ကွပ်ကဲဆောင်ရွက်လျက်ရှိပြီး  ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍  စီမံကိန်းရှင်းလင်းဆောင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တမံတာခြေထောက်ခြင်းလုပ်ငန်းအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။ 

လက်ရှိတွင် မမြရေလှောင်တမံ တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ပေအား သိုလှောင်ထိန်းသိမ်း ထားရှိကာ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ အလျား ၁၅ပေ၊ အနက် ၇ပေ တူးဖော် ဆောင်ရွက် လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိပါကြောင်း သိရပြီး စက်ယန္တရားများအသုံးပြု၍ တမံတာအခြေထောက်ခြင်းလုပ်ငန်းများအား အင်တိုက်အားတိုက်  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post