
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အပူရှိန်ကြောင့် သက်ကြီးအမျိုးသားတစ်ဦး လဲကျသေဆုံးခဲ့ကြောင်းကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁၁ နာရီ ၂၅ မိနစ်တွင် ကျောက်တံတားမြို့နယ် ၊ ဆူးလေဘုရားလမ်း နှင့် အနော်ရထာလမ်းထောင့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး HeatStroke ဖြစ်၍ မူးလဲနေကြောင်းသတင်းရရှိသဖြင့် ထွက်ခွာကူညီခဲ့ကြောင်း၊ ဖြစ်စဉ်နေရာသို့ ရောက်ရှိချိန် နေ့လယ် ၁၁ နာရီ၂၈ မိနစ်တွင် လူနာအမျိုးသားမှာ အသက်မရှိတော့ကြောင်း သိရသည်။
" သူ့မှာက သွေးတိုးရောဂါအခံလည်းရှိတယ်။ လမ်းထောင့်မှာ လဲကျပြီး ဆုံးသွားတာပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အခြေအနေ မကောင်းတော့ဘူး။ ဆုံးသွားပါတယ်" ဟု ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ် ဦးအောင်ဌေးဆိုသူဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
လက်ရှိတွင် အပူရှိန်ကြောင့် အပြင်သို့သွားလာရာတွင် သတိထားသွားလာရန်လိုအပ်ကြောင်း၊ နေရောင်ခြည်ကာကွယ်သည့် အဝတ်အစားများ၊ ထီးများယူဆောင်ရန်လိုအပ်ကြောင်း၊ ရေကို မကြာခဏသောက်ပေးရန် လိုအပ်ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အသိပေးပြောကြားသည်။