Eleven Media Group

■ အင်းလေးဖောင်တော်ဦးဘုရားလေးဆူ ဒေသစာရီကြွချီပွဲတော် စတင်ကျင်းပ

ရှမ်းပြည်နယ်တွင် ရက်အရှည်ကြာဆုံးပွဲတော်တစ်ခု ဖြစ်သော အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်စွာဘုရား လေးဆူ ဒေသစာရီကြွချီပွဲတော် စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက် (၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁)ရက် တနင်္လာနေ့) တွင် ကျောင်းတော်မှ စတင်ထွက်ခွာ၍ အင်းတိန်ဘုရားစံကျောင်းတော်သို့ ကြွချီအပူဇော်ခံခြင်းဖြစ်ပါသည်။ အောက်တိုဘာ ၁၂ ရက် နံနက် ၄ နာရီတွင် အခမ်းအနားစတင်ဖွင့်လှစ်ပြီး နံနက် ၇ နာရီတွင် စံကျောင်းတော်မှစတင် ထွက်ခွာ၍ အင်းတိန်ကျေးပေါခုံကျောင်းတွင် ညကျိန်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်တွင် အင်းတိန်ကျေးပေါခုံကျောင်းမှ နံနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာ၍ အင်းတိန်စံကျောင်းတွင် နေ့ဆွမ်းကပ်၍ မွန်းလွဲ ၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ဟဲယာရွာမစံကျောင်းတွင် ညကျိန်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

′′အခုနှစ်မှာတော့ ပိုမိုစည်ကားများပြားလာပါတယ်။ အရမ်းစည်တယ်။ အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း၊ ထနော့၊ ဓနု တိုင်းရင်းသား တော်တော်များများ မြင်တွေ့ရပါတယ်။ လာရောက်လည်ပတ်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်′′ ဟု အင်းလေးကန်ဒေသခံတစ်ဦး ပြောကြားသည်။

အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူ ဒေသစာရီကြွချီပွဲတော်ကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်) အထိ အင်းလေးဒေသ (၂၁) ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခြင်းပွဲတော်သည် ရက်ပေါင်း ၁၈ ရက်အတွင်း နေရာဌာနပေါင်း ၂၁ ဌာန ကို ကြွချီအပူဇော်ခံခြင်းဖြစ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် ရက်အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ထင်ရှားသောပွဲတော်တစ်ခုဖြစ်သော အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ရက်များတွင် လူဦးရေသိန်းနှင့်ချီ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

အင်းလေးကန်ဖောင်တော်ဦးမြတ်စွာဘုရား အပူဇော်ခံပွဲတော်တွင် အင်းသားရိုးရာလှေပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group