
ဟူရ်သီအုပ်စုက ဆော်ဒီအာရေဗျရှိလေဆိပ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံအချို့က ၎င်းတို့၏နိုင်ငံသားများ ဆော်ဒီသို့ ခရီးသွားခြင်းအား သတိပေးခဲ့ကြသည်။
အောက်တိုဘာ ၁၂ ရက်တွင် ဩစတြေးလျနှင့် နယူးဇီလန်တို့သည် ဆော်ဒီအာရေဗျသို့ သွားခြင်းကို သတိပေးသည့် နောက်ဆုံးနိုင်ငံများဖြစ်လာသည်။ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ တောင်ကိုရီးယား၊ ဂျပန်တို့ကလည်း စောစောပိုင်းတွင် သတိပေးချက်များ ထုတ်ပြန်ထားကြသည်။
ဩစတြေးလျနိုင်ငံသားများသည် ရီးယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရှောင်သင့်ပြီးအခြားဆော်ဒီလေဆိပ်များသို့ သွားခြင်းကိုလည်းပြန်စဉ်းစားသင့်သည်ဟု ဩစတြေးလျ နိုင်ငံခြားရေးရာနှင့် ကုန်သွယ်ရေး၀န်ကြီးဌာနက ပြောကြားခဲ့သည်။
နယူးဇီလန် နိုင်ငံခြားရေးရာနှင့် ကုန်သွယ် ရေး၀န်ကြီးဌာနက ၎င်း၏နိုင်ငံသားများ သည် ဆော်ဒီမြို့တော်၏လေဆိပ်၊ နာဂျရန်၊ ဂျာဇန်၊ အက်ဆားပြည်နယ်တို့ကို မည်သည့်အကြောင်းအတွက်မဆို မသွားကြရန်၊ ဆော်ဒီတစ်နိုင်ငံလုံးသို့လည်း မဖြစ်မနေမဟုတ်သည့် ခရီးသွားခြင်းမျိုးကိုရှောင်ရှားရန် တိုက်တွန်းထားသည်။
ရီးယာ့ဒ်ရှိ အမေရိကန်သံရုံးကအီရန်နှင့်အီရန်ထောက်ပံ့ပေးထားသောဟူရ်သီတို့၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီသို့ အမေရိကန်နိုင်ငံသားများ သွားခြင်းကို ပြန်လည်သုံးသပ်ရန် အောက်တိုဘာ ၁၁ ရက်တွင် အကြံပြုခဲ့သည်။
ကနေဒါကလည်း ဆော်ဒီ၏မည်သည့်နေရာသို့မဆို မဖြစ်မနေမဟုတ်သောခရီးသွားခြင်းကို ရှောင်ရန် အကြံပြုခဲ့သည်။
တောင်ကိုရီးယားကလည်း ၎င်း၏နိုင်ငံသား များသည် အရေးကြီးသည့် အလုပ်ကိစ္စမရှိလျှင် ဆော်ဒီမှ ထွက်လာရန်၊ ဆော်ဒီသို့သွားရန်စီစဉ်ထားသူများ ခရီးစဉ်ပယ်ဖျက်ကြရန် အကြံပြုထားသည်။
Ref:AFP