
■ပြည်သူ့ဆေးရုံများတွင် လူနာများ တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲ ငွေလျော့နည်း စေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတတိုက်တွန်း
ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့(အောက်တိုဘာ ၁၂ ရက်)တွင် ရန်ကုန်ရှိမြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် “လူ့အသက် ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု ၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊မိမိတို၏ ပညာနှင့်စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချကြရန်၊ နိုင်ငံတော်က အားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူကယုံကြည်အား ကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့ပြင် “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် ရည်မှန်းချက်ထားပြီး မြို့ပြနှင့်ကျေးလက် မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိ ကြောင်း။လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁.၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားသည်။
ထို့အတူ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာမဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၆) ခုနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၁) ခု၊ စုစုပေါင်း (၁၇) ခုရှိလာကာ သင်ရိုး ညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်သို့ ပြောင်းလဲပေးထား ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်ပေးခြင်း၊ အခြေခံမရှိမဖြစ် ဆေးဝါးများ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းသုံး ဆေးပစ္စည်းများနှင့် ခေတ်မီစက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ပြည်သူ့ဆေးရုံများတွင် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်သူများကို တိုက်ရိုက်ခန့်အပ်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် လည်း သစ်လွင်ဆရာဝန် (၁,၂၇၆) ဦးနှင့် သွား/ခံတွင်းဆရာဝန် (၂၃) ဦးတို့ကို ခန့်အပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လူနာများကို ကုသရာတွင် စေတနာ၊ ဂရုဏာ ရှေ့ထား၍ မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းအပြင် ရောဂါဖြစ်မှ ကုသပေးရုံတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးနှင့် ကျောင်းကျန်းမာရေး/အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ကြိုတင်ကာကွယ်ခြင်းတို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း၊ ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲငွေ လျော့နည်းစေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးကြရန်တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဆေးပညာရပ်များ အမြဲတိုးတက်ပြောင်းလဲနေသဖြင့် ဘဝတစ်လျှောက်လုံး စာဖတ်ခြင်း၊ သုတေသနပြုလုပ် ခြင်းနှင့် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ဆက်လက်ဆည်းပူးရန် အားပေးကြောင်း၊ မိမိတို့၏ ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသော လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်း ဖြစ်သဖြင့် မိမိတို့၏ ပညာနှင့် စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံး အသုံးချကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။