
ကမ္ဘာ့ဆင်းရဲမွဲတေမှုအညွှန်းကိန်းသည် စတင်စစ်တမ်းကောက်ယူခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစပြီး ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် အောက်စဖို့ဒ် ဆင်းရဲမွဲတေမှုနှင့် လူသားဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ် သုတေသနဌာန (OPHI) ၏ ၂၀၂၆ ခုနှစ် လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်း အလွန်အမင်း ဆင်းရဲမွဲတေမှု ခံစားနေရသူ အရေအတွက်သည် ၁ ဒသမ ၂ ဘီလျံ အထိ ရှိလာပြီး ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလွန်အမင်း ဆင်းရဲမွဲတေမှုခံစားနေရသူအရေအတွက်သည် ၅၁ ဒသမ ၅ သန်း ပိုမိုများပြားလာခဲ့သည်။
ယခုကဲ့သို့ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းသည် ကမ္ဘာကြီးအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သင့်ကြောင်း UNDP အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဒီ ခရူးကပြောကြားခဲ့သည်။
"ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ ပညာသင်ကြားခွင့် ဆုံးရှုံးမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ လျှပ်စစ်မီး မရရှိမှုဆိုတဲ့ ဆိုးကျိုးတွေ အပြန်အလှန် ရိုက်ခတ်နေတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရသူ ၁ ဒသမ ၂ ဘီလျံ ရှိနေပါတယ်။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မဟုတ်ပါဘူး" ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သို့သော် အစီရင်ခံစာတွင် ဖော်ပြထားသည့် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုမှာ လူဦးရေ တိုးပွားလာခြင်းကြောင့်ဖြစ်ပြီး၊ ယခု အစီရင်ခံစာတွင် လွှမ်းခြုံထားသော ဖွံ့ဖြိုးဆဲ ၁၀၈ နိုင်ငံအနက် ၁၃ နိုင်ငံအတွက်သာ အချက်အလက်အသစ်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း UNDP က ပြောကြားခဲ့သည်။
ဆင်းရဲနွမ်းပါးသူ စုစုပေါင်း အရေအတွက် မြင့်တက်လာခဲ့သော်လည်း အစီရင်ခံစာသည် မတူညီသော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဖော်ပြနေသည်။
အညွှန်းကိန်း သတ်မှတ်ချက်အရ ပြီးခဲ့သည့် ၁၅ နှစ်အတွင်း နိုင်ငံပေါင်း ၃၃ နိုင်ငံသည် ၎င်းတို့၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းကို ထက်ဝက်ခန့် အောင်မြင်စွာ လျှော့ချနိုင်ခဲ့ကြသည်။
အဆိုပါ နိုင်ငံများတွင် အာဖရိကဆာဟာရဒေသမှ နိုင်ငံ ၆ နိုင်ငံ ပါဝင်သည်။
ထို့ပြင် အလျင်မြန်ဆုံး တိုးတက်မှုရရှိခဲ့သည့် နိုင်ငံများအနက် အာရှဒေသမှ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း UNDP က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်များနည်းတူ အလွန်အမင်း ဆင်းရဲနွမ်းပါးသူ အများစုသည် အာဖရိကဆာဟာရဒေသနှင့် ကမ္ဘာပေါ်တွင် လူဦးရေ ထူထပ်မှုအများဆုံးဖြစ်သော တောင်အာရှ (အထူးသဖြင့် အိန္ဒိယ တိုက်ငယ်) တို့တွင် မှီတင်းနေထိုင်ကြကြောင်း အစီရင်ခံစာက ထုတ်ပြန်ထားသည်။
အီဂျစ်၊ နီပေါ နှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့တွင် ဆင်းရဲမွဲတေမှု နှုန်းသည် သိသိသာသာ လျော့ကျသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်ဂိုလာ နှင့် ဇမ်ဘီယာ နိုင်ငံတို့တွင်လည်း ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း လူဦးရေ တိုးပွားမှုနှုန်းက အဆိုပါ လျော့ကျမှုကို ကျော်လွန်သွားခဲ့သည့်အတွက် ဆင်းရဲနွမ်းပါးစွာ နေထိုင်ရသူ စုစုပေါင်း အရေအတွက်မှာ ပိုမိုများပြားလာခဲ့သည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် ဆင်းရဲမွဲတေမှု အညွှန်းကိန်း (MPI) ၌ သင့်တော်သော အိမ်ရာ မရှိခြင်း၊ သန့်ရှင်းသော သန့်စင်ခန်းနှင့် သောက်သုံးရေ မရှိခြင်း၊ လျှပ်စစ်မီး၊ ချက်ပြုတ်ရေး လောင်စာ၊ အာဟာရ ပြည့်ဝသော အစားအစာနှင့် ပညာသင်ကြားခွင့် မရရှိခြင်း စသည့် အခြေခံ လိုအပ်ချက်များ ပါဝင်သည်။
Ref: AFP