Eleven Media Group

မော်လမြိုင်မြို့ GPS KTV ဝင်းအတွင်း ကားပါကင်၌ အမျိုးသားတစ်ဦးထံမှ Happy Water များ ဖမ်းဆီးရမိ

မော်လမြိုင်မြို့GPS KTV ဝင်းအတွင်း ကားပါကင်၌ အမျိုးသားတစ်ဦးထံမှ Happy Water (စိတ်ပြောင်းဆေးဝါး) များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ည ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ GPS KTV အတွင်း စောင့်ဆိုင်းနေစဉ် Clink R – 160 အမျိုးအစားမော်တော်ဆိုင်ကယ်ဖြင့် စီးနင်းဝင်ရောက်လာသူ ချစ်ထူးကျော် (ခ) ချစ်ထူးဆိုသူအား GPS KTV ဝင်းအတွင်းရှိ ကားပါကင်တွင် တားဆီးစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် အမည်းရောင်ဘောင်းဘီရှည်၏ ဘယ်ဘက်အိတ်ကပ်အတွင်း RC စာတမ်းပါ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော Happy Water အဖြူ/ပန်းရောင်အလေးချိန် ခြောက်ဂရမ်ခန့်ပါ နှစ်ထုပ်၊ စုစုပေါင်း ၁၂ ဂရမ်ခန့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာက စစ်ဆေးမေးမြန်းရာ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ အမည်မသိ ကရင်အမျိုးသားတစ်ဦးထံမှ Happy Water (စိတ်ပြောင်းဆေးဝါး) တစ်ထုပ်လျှင် ကျပ် ၇၅၀၀၀၀ နှုန်းဖြင့် ၂၀ ဂရမ်ခန့်ဝယ်ယူခဲ့ပြီး သုံးစွဲရောင်းချရာမှ ကျန်ရှိသောဆေးများဖြစ်သည်ဟု ချစ်ထူးကျော် (ခ) ချစ်ထူးက ထွက်ဆိုချက်ပေးထားသည်ဟုသိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချရန်အလို့ငှာ လက်ဝယ်တွေ့ရှိသူ ချစ်ထူးကျော် (ခ) ချစ်ထူးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မူးယစ်/စိတ်ပြောင်း ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာ ၉ ရက် ည ၉ နာရီခွဲခန့်ကလည်း မော်လမြိုင်မြို့မြိုင်သာယာရပ်ကွက် ရာဇဓိရာဇ်လမ်းထပ်ရှိ ”ပင်လယ်မောင် BBQ & Restaurant” အတွင်းရှိနေသည့် ဆိုင်ပိုင်ရှင်ဖြစ်သူနှင့် Dream KTV ဆိုင်ဝန်ထမ်း သုံးဦး၊ ကုမ္ပဏီဝန်ထမ်း (၂) ဦးတို့ထံမှ Happy Water (စိတ်ပြောင်းဆေးဝါး) တစ်ထုပ်လျှင် (၇) ဂရမ်ခန့်စီပါ (၇) ထုပ်၊ စုစုပေါင်း (၄၉) ဂရမ်ခန့် ကာလတန်ဖိုး (၃၉၂၀၀၀၀) ကျပ်ခန့်အား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ိ”ပင်လယ်မောင် BBQ & Restaurant” ဆိုင်ပိုင်ရှင်ဖြစ်သူပါ ခြောက်ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် မူးယစ်/စိတ်ပြောင်းဥပဒေပုဒ်များနှင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် Operation 42 အစီအစဉ်ဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သုံးစွဲ‌နေကြသူများသူများအား ဖော်ဖမ်းဆီးကာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group