Eleven Media Group

တောင်ကြီးမြို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်မည်

တောင်ကြီးမြို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က တောင်ကြီးတွင် အစိုးရကြီးကြပ်သော မသန်စွမ်း သင်တန်းကျောင်းများ မရှိသေးသဖြင့် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း တင်ပြခဲ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်မှ ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄ သန်းဖြစ်ပြီး မသန်စွမ်းသူဦးရေမှာ ၂ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ အသက် (၅) နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း (၇ ဒသမ ၆ ရာခိုင်နှုန်း) သည် မသန်စွမ်းမှု အနည်းဆုံး တစ်မျိုးမျိုးရှိကာ အများဆုံးဖြစ်ပွားသည့် မသန်စွမ်းအမျိုးအစားများမှာ အမြင်အာရုံ (၄ ဒသမ ၁ ရာခိုင်နှုန်း) ၊ ပစ္စည်းကိုင်တွယ်၊ လမ်းလျှောက်၊ လှေကားတက် (၃ ဒသမ ၁ ရာခိုင်နှုန်း)၊ မှတ်ဉာဏ် သင်ယူလေ့လာခြင်း (၂ ဒသမ ၈ ရာခိုင်နှုန်း)၊ အကြားအာရုံ (၂ ဒသမ ၇ ရာခိုင်နှုန်း) ရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်ပိုင်းခရိုင်များမှ မသန်စွမ်းသူများ စာရင်းအရ ကလော၊ တောင်ကြီး၊ မိုင်းရှူး၊ နမ့်စန်၊ လင်းခေး၊ လွိုင်လင်၊ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းလား၊ မိုင်းယောင်း၊ တာချီလိတ်၊ မက်မန်းနှင့် မိုင်းဆတ် စသော ခရိုင် ၁၃ ခရိုင်တို့တွင် ၁၈ နှစ်အောက် ၄၃ ဦး၊ ၁၈ နှစ် အထက် ၁၁၁၈၁ ဦးရှိကြောင်း သိရသည်။

အသက်(၆) နှစ်မှ (၁၈) နှစ်အတွင်း အထူးလိုအပ်ချက်ရှိသည့် မသန်စွမ်းသူ ကလေးများအတွက် အထူးပညာရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားပေးသည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ၃ ကျောင်းကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ဖွင့်လှစ်ထားကြောင်း ဆိုသည်။

မသန်စွမ်းကလေးငယ်များအား ဖွံ့ဖြိုးမှု နယ်ပယ် ၅ ရပ်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ သိမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုများ၊ မိမိတို့၏ တစ်နေ့တာ နေ့စဉ် လုပ်ငန်းဆောင်တာများကို ကိုယ်တိုင်လုပ်ကိုင်နိုင်ရေး (Acitivites of Daily Living) နှင့် (Special Education) အရေး၊ အဖတ်၊ အတွက်ပညာများနှင့် လူမှု အသိုက်အဝန်းအတွင်း အမှီအခိုကင်းစွာ ရပ်တည်နေနိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းကလေး (၃၉၀) ဦးကို သင်ကြားလျက်ရှိကြောင်း ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော မသန်စွမ်း ပရဟိတ ဂေဟာ (၁၃) ခုကို နည်းပညာပံ့ပိုးခြင်းနှင့် နှစ်စဉ် ကလေးဦးရေအလိုက် ဆန်၊ စားစရိတ်၊ ဝတ်စုံစရိတ် နှင့် ဂေဟာမှူး လစာများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်မှ သူငယ်တော် ယေဇူး မသန်စွမ်းပရဟိတ ဂေဟာကို ဆန်၊ စားစရိတ်၊ ဝတ်စုံစရိတ်များ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း ဆိုသည်။

ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မသန်စွမ်း သင်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်နိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တောင်ကြီးမြို့တွင် မသန်စွမ်း သက်ငယ်သင်တန်းကျောင်း ဆောက်လုပ်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ မြေနေရာ တောင်းခံသွားမည်ဖြစ်ပြီး နှစ်အလိုက် ဘတ်ဂျတ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အဆောက်အဦ ဆောက်လုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group